News

POST TYPE

LOCAL

အထပ်မြင့်ကိစ္စ တိုင်းလွှတ်တော် ကော်မတီ စစ်ဆေးမှု အစိုးရနှင့် ကွဲလွဲဟုဆို
30-Jul-2016 tagged as

ရန်ကုန်၊ ဇူလိုင်၂၉

အထပ်လျှော့ချ၍ ဆောက်လုပ်ရန် ခွင့်ပြုခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အထပ်မြင့် အဆောက်အအုံ ၁၂ လုံးကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီက သွားရောက်စစ်ဆေးခဲ့ပြီးနောက်တွင် အစိုးရအဖွဲ့ တွေ့ရှိချက်နှင့် ကွဲလွဲချက်များကို တွေ့ရှိခဲ့ကြောင်း ယင်းကော်မတီထံမှ သိရသည်။

အထပ်မြင့်အဆောက်အအုံ ၁၂ လုံးကို တိုင်းဒေသကြီးအစိုးရက ဖွဲ့စည်းပေးခဲ့သည့် အထပ်မြင့်စစ်ဆေးရေး အဖွဲ့များက စစ်ဆေးခဲ့ပြီးနောက် အထပ်လျှော့ချရန်နှင့် ဒီဇိုင်းပြန်ပြင်ရန် အကြံပြုခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က ယင်းအကြံပြုချက်များအပေါ် အခြေခံ၍ ပြန်လည်ခွင့်ပြုပေးခဲ့သည်။

လွှတ်တော်ကော်မတီ၏ စစ်ဆေးချက်တွင် အစိုးရ၏ စစ်ဆေးမှုနှင့် ကွဲလွဲချက်များကို တွေ့ရှိထားပြီး ယင်းတွေ့ရှိချက်များကို အစိုးရထံ တင်ပြထားကြောင်း အဆိုပါ ကော်မတီထံမှသိရသည်။

လက်ရှိတွင် အဆိုပါ လွှတ်တော်ကော်မတီသည် အစိုးရ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေဆဲဖြစ်ပြီး ယင်းတုံ့ပြန်ချက် ရရှိမှသာ အသေးစိတ်ကို ပြောကြားနိုင်မည်ဟု ယင်းကော်မတီ၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လွှတ်တော်ကော်မတီ၏ တွေ့ရှိချက် အသေးစိတ်ကို ဖြေကြားရန် အဆိုပါ တာဝန်ရှိသူက ငြင်းဆန်သည်။

လွှတ်တော်ကော်မတီက အထပ်မြင့်များကို စစ်ဆေးရာတွင် အချို့သော ကော်မတီဝင်များမှာ မဲဆန္ဒနယ်အလိုက် ဆောင်ရွက်ရန် ကိစ္စများ ရှိသောကြောင့် စစ်ဆေးမှုတွင် မပါဝင်ခဲ့ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက ဆိုသည်။

အထပ်မြင့် ၁၂ လုံးကို အထပ်လျှော့ချရန် ညွှန်ကြားခဲ့သည့် ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်သည် တစ်ဖက်သတ် လုပ်ဆောင်ချက်ဖြစ်ပြီး လုပ်ငန်းရှင်များမှာ အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံခန့် နစ်နာဆုံးရှုံးနေရကြောင်း နိုဗိုတယ် ဟိုတယ်တွင် ပြုလုပ်သည့် ဇူလိုင်လ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များက စွပ်စွဲပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ အထပ်မြင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးလည်းဖြစ်သူ ဒေါက်တာသက်သက်ခိုင်ကမူ အစိုးရတစ်ရပ်သည် စီးပွားရေးကို အားပေးသော အစိုးရဖြစ်ရန် လိုအပ်ကြောင်း၊ အာဃာတတရား ကင်းစင်ရန် လိုအပ်ပြီး နောက်ကြောင်း ပြန်ဆွဲဖွသည့် လုပ်ရပ်များ မလုပ်ရန် လိုအပ်ကြောင်း မီဒီယာများသို့ ပြောကြားထားသည်။

မြန်မာ့စီးပွားရေး လေ့လာသူအချို့ကမူ အထပ်မြင့်ကိစ္စအတွက် အစိုးရ၊ လွှတ်တော်၊ အထပ်မြင့်စစ်ဆေးရေး ကော်မတီတို့ ထိပ်တိုက်တွေ့ဆွေးနွေးရန် လိုအပ်သည်ဟု အကြံပြုကြသည်။

ဝေဖန်သူအချို့ကမူ အထပ်မြင့် အဆောက်အအုံများ ကိစ္စတွင် အစိုးရ၊ လွှတ်တော်နှင့် အထပ်မြင့် လုပ်ငန်းရှင်များ အကျိုးစီးပွား ပြဿနာများ ရှိနေသည်ဟု ဆိုကြသည်။

  • TAGS