News

POST TYPE

LOCAL

မဟာဓာတ်အားလိုင်းတာဝါ မထိခိုက်စေရန် စမိုးချောင်းသဲထုတ်မှုကို တားမြစ်
25-Aug-2019


တောင်ငူ၊ သြဂုတ် ၂၅

လွိုင်ကော် ဘီလူးချောင်းရေအားလျှပ်စစ်မှ ပြည်တွင်းသို့ပို့သည့် မဟာဓာတ်အားလိုင်းတာဝါပြိုကျမှု မဖြစ်ပေါ်စေရန် စမိုးချောင်းအတွင်း သဲထုတ်လုပ်မှုများကို ယမန်နေ့မှစ၍တားမြစ်ခဲ့ကြောင်း ရေတာရှည်မြို့နယ် တိုင်းလွှတ်တော်အမတ်များထံမှ သိရသည်။



လက်ရှိတွင် ရေတာရှည်မြို့နယ်၊ ပေါက်ချောင်းရွာအနီး စမိုးကမ်းပါးပြိုကျပျက်စီးနေပြီး ချောင်းကမ်းပါးပြိုကျသည်နှင့်တစ်ပြိုင်နက် မဟာဓာတ်အားလိုင်းတာဝါသည်လည်း ရေထဲမျောပါသွားမည်ဖြစ်ကြောင်း ယင်းမြို့နယ် NLD ပါတီဝင်အချို့က ပြောဆိုသည်။



ယင်းမြို့နယ်၊ တိုင်းလွှတ်တော်အမတ် ဒေါက်တာကျော်ကျော်က “မနေ့ကစပြီး ရပ်နားခိုင်းလိုက်တယ်။ သူတို့ကလိုင်စင်လျှောက်ထားဆဲ နဲ့လုပ်နေတာ။ အခုဖြစ်နေတာ ကမ်းပါးနဲ့တာဝါတိုင်က အတော်ကပ်သွားပြီ။ ဆက်လုပ်ရင် ဥပဒေအတိုင်း အရေးယူမယ်”ဟု ပြောသည်။

လက်ရှိ စမိုးကမ်းပါးပြိုကျပျက်ဆီးနေသည့် နေရာများတွင် သြဂုတ်လပထမအပတ်ခန့်မှ စပြီး တုတ်ရိုက်ကာ သဲအိတ်ချထားခြင်း လုပ်ငန်းများဆောင်ရွက်နေသည့်အပြင် ရေလမ်းကြောင်းပြောင်းစေသည့် သဲထုတ်လုပ်ငန်းကို ရပ်နားခိုင်းလိုက်ခြင်းဖြစ်သည်။

ယခုလဆန်းကလည်း ဒေသတွင်းမိုးများခဲ့သောကြောင့် တောင်ကျချောင်းရေများ စမိုးချောင်းထဲစီးဝင်ကာ ချောင်းတစ်လျှောက်ကျေးရွာအချို့တွင် ရေဝင်ပြီး ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

စမိုးချောင်းရေတိုက်စားမှုများကြောင့် ကမ်းပြိုသည့်ကိစ္စနှင့်ပတ်သက်ပြီး ရေတာရှည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်ထံ သြဂုတ်၂၅ ရက်၊ မွန်းလွဲပိုင်းက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

R-15




  • VIA