News

POST TYPE

LOCAL

ဘားအံတွင် ကရင့်ရိုးရာဝတ်စားဆင်ယင်မှုပွဲတော်ကျင်းပမည်
25-Aug-2019
ဘားအံ၊ သြဂုတ် ၂၅

ကရင့်ရိုးရာလူနေမှုပုံစံများနှင့် ခေတ်သစ်ကရင်တို့၏ လူမှုပုံစံများကိုပုံဖော်စေနိုင်မည့် ကရင်လူထုအမှတ်သညာပွဲတော်ကို သြဂုတ်လ ၃၁ရက်မှ စက်တင်ဘာ ၁ရက်အထိ ဘားအံမြို့၊ ကန်သာဦးခန်းမတွင် ကျင်းပမည်ဖြစကြောင်း အဆိုပါပွဲစီစဉ်သူများထံမှ သိရသည်။

ယင်းပွဲတော်တွင် ပြပွဲ၊ ပြိုင်ပွဲနှစ်မျိုးထည့်သွင်းထားပြီး ပြိုင်ပွဲတွင် ကရင်ရိုးရာအထည်ဒီဇိုင်းများကို ယှဉ်ပြိုင်စေမည်ဖြစ်ပြီး ပြပွဲတွင် ကရင်ရိုးရာအထည်များအပြင် ရိုးရာအသုံးအဆောင်၊ သစ်နှင့်ဝါး လက်မှုပစ္စည်းများကို ထည့်သွင်းပြသ၊ ရောင်းချမည်ဖြစ်သည်။ 

ပြိုင်ပွဲကျင်းပရေးတာဝန်ခံ နန်းသဇင်ဖွေးက ပြပွဲတွင် ရိုးရာဂျက်ခုတ်ထည်၊ လက်ယက်ကန်း၊ အသုံးအဆောင်နှင့် လက်ဆောင်ပစ္စည်း၊ ဝါးနှင့်သစ်ကိုအခြေခံပြုလုပ်ထားသည့် လက်မှုပစ္စည်း၊ ကောက်ရိုးပန်းချီကဲ့သို့ပစ္စည်းများ ပြသမည်ဖြစ်ကြောင်း ရှင်းပြသည်။ 

ပြိုင်ပွဲကိုမူ စက်တင်ဘာ ၁ရက်ညနေမှသာ ကျင်းပမည်ဖြစ်ပြီး လက်ရှိတွင် ပါဝင်ယှဉ်ပြိုင်မည့်အဖွဲ့ ၆ဖွဲ့ရှိပြီး တစ်ဖွဲ့လျှင် သရုပ်ပြမော်ဒယ် ၃ဦးစီးပါဝင်မည်ဖြစ်သည့်အပြင် ၎င်းတို့က ပြပွဲတွင်လည်း ပါဝင်ပြသကြမည်ဖြစ်သည်။

ဆွိကရင်ရိုးရာအထည်ဆိုင်ပိုင်ရှင် နန်းဖောင်ဖောင်က ၎င်းတို့ဆိုင်အနေဖြင့် ရိုးရာအထည်များကို ပါဝင်ပြသသွားမည်ဖြစ်ပြီး လတ်တလောတွင် ပြသမည့် ရိုးရာအဝတ်အထည်၊ ယခုခေတ်ဝတ်စားဆင်ယင်မှုပုံစံများကို ရွေးချယ်နေကြောင်း ပြောကြားသည်။

ယခုပွဲတော်ပြီးလျှင် ဒေသ သမိုင်းနှင့် အနုပညာကိုပြသမည့်ပွဲတော်များဆက်လက်ကျင်းပမည်ဖြစ်ပြီး အောက်တိုဘာလတွင် ဘားအံအနုပညာပွဲတော်ကို ကျင်းပရန် စီစဉ်နေကြောင်း ဦးဆောင်ပြုလုပ်မည့် ဘားအံမြို့ခံ အသင်းအဖွဲ့နှင့် လူငယ်များထံမှသိရသည်။

R-17




  • VIA