News

POST TYPE

LOCAL

သမ္မတရုံး ညွှန်ကြားချက်နှင့် မကိုက်ညီ၍ လျှပ်စစ်တင်ဒါ ကော်မတီတွင် အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်ထည့်သွင်းရေး ပယ်ဖျက်ခဲ့ဟုဆို
25-Aug-2019

ထားဝယ်၊ သြဂုတ် ၂၅

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး တင်ဒါခေါ်ရန် ဖွဲ့စည်းခဲ့သည့် တင်ဒါကော်မတီတွင် အရပ်ဖက်အဖွဲ့အစည်း (CSO) ကိုယ်စားလှယ်များ ထည့်သွင်းမည့် အစီအစဉ်မှာ နိုင်ငံတော်သမ္မတရုံးညွှန်ကြားချက်နှင့် မကိုက်ညီသည့်အတွက် ပြန်လည် ပယ်ဖျက်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

တင်ဒါခေါ်ယူရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှု ရှိရန်အတွက် CSO ကိုယ်စားလှယ်များ ထည့်သွင်းဖွဲ့စည်းရန် တိုင်းဒေသကြီး ၀န်ကြီးချုပ်က ညွှန်ကြားခဲ့ကြောင်း ၎င်းက ပြောသည်။

သို့ရာတွင် တင်ဒါကော်မတီ၌ ပြင်ပပုဂ္ဂိုလ်များ ထည့်သွင်းဖွဲ့စည်းခွင့် မရှိကြောင်း ထုတ်ပြန်ထားသည့် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်ရှိနေသည့်အတွက် ယင်းအစီအစဉ်ကို ပယ်ဖျက်ခဲ့ကြောင်း ၀န်ကြီးဦးအောင်သူရက ဆိုသည်။

ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်လေးခုရှိရာ မြို့နယ်တစ်ခုလျှင် အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်တစ်ဦးနှုန်း အမည်စာရင်း ပေးပို့ရန် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် တောင်းခံထားသည်။

“အမည်စာရင်းတောင်းတဲ့ အချိန်မှာ ဘာဖြစ်သွားသလဲဆိုရင် ညွှန်ကြားချက်နဲ့ သွားငြိသွားတယ်၊ ညွှန်ကြားချက်အရ တင်ဒါ ကော်မတီဖွဲ့မယ်ဆိုရင် အပြင်လူပါလို့ မရဘူးဆိုတဲ့အတွက် ကျွန်တော်တို့ Cancel (ပယ်ဖျက်) ဖြစ်သွားတယ်”ဟု ၀န်ကြီး ဦးအောင်သူရက ပြောသည်။

တင်ဒါကော်မတီတွင် ထည့်သွင်းဖွဲ့စည်းရန် မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဆက်သွယ်အကြောင်းကြားလာပြီး အများပြည်သူ အကျိုးဖြစ်သည့်အတွက် ကော်မတီတွင် ပါဝင်ရန် လက်ခံခဲ့ကြောင်း ထားဝယ်မြို့နယ် CSO ကိုယ်စားလှယ်အဖြစ် အမည်စာရင်တင်သွင်းခံရသည့် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။

“ကြေညာပြီးမှ မထည့်ဖြစ်တော့ဘူးဆိုရင် ဖြေရှင်းချက်တစ်ခုခုတော့ ပေးသင့်တယ်၊ အကြောင်းလည်း ကြားသင့်တယ်၊ မပါတော့ဘူးဆိုတဲ့အကြောင်းလည်း ထုတ်ပြန်သင့်တယ်”ဟု ဦးနိုင်မျိုးသွင်က ပြောသည်။

လက်ရှိတွင် ပြင်ပပုဂ္ဂိုလ်များ မပါဝင်သည့် တင်ဒါကော်မတီဖြင့် ထားဝယ်ခရိုင်လျှပ်စစ်တင်ဒါဖွင့်ပွဲကို သြဂုတ်လ ၂၀ ရက်က ထားဝယ်မြို့ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

Dawei Watch