News

POST TYPE

LOCAL

နမ့်စန်တွင် မူးယစ်ဆေးဝါးချက်လုပ်ရေးစခန်းတစ်ခု သိမ်းဆည်းရမိ
24-Aug-2019

ရန်ကုန်၊ ဩဂုတ် ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်အတွင်း မူးယစ်ဆေးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများ ပါဝင်သည့် စခန်းတစ်ခုကို ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၂ ရက် ညနေပိုင်းတွင် နားပွဲကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့အရောက်၌ အဆိုပါမူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် မိုးကာတဲ ၁၀ လုံး၊ ရေခဲသေတ္တာ ၁၄ လုံး၊ စတီးပေါင်းအိုး ၁၃ လုံး၊ အိုက်စ်ထည့်သည့်ဗန်း ၇ ဗန်း၊ ဂက်စ်အိုး ၇၅၇ လုံး၊ အက်စစ်ပုံး ၇၀၈ လုံး၊ ကြိတ်စက် ၁ လုံး၊ ဆီတိုင်ကီ ၅ လုံး၊ မီးစက်ကြီး ၁ လုံး၊ ဒစ်ဂျစ်တယ်ကတ္တား ၃ လုံး၊ ဆေးချက် ပေါင်းအိုး ၁၄ လုံး၊ ကော်ဇလုံ ၁၀၇ လုံး၊ ဟိုက်ဒရိုကလိုရစ်အက်စစ်များ ထည့်ထားသည့် သံပီပါ ၅၈ လုံး၊ ပီပါအခွံ ၁၁၀ လုံး၊ အိုက်စ် ၁၅၀ လီတာဆံ့ ၁ ပုံးနှင့် မော်တော်ယာဉ် ၁ စီးတို့အား ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် ညနေ အဆိုပါနေရာ၏ တောင်ဘက် မီတာ ၇၀၀ ခန့်အကွာ၌ ဘိန်းဖြူမှုန့်/ခဲ ၄ ဒသမ ၅ ကီလိုဂရမ်၊ WY စိတ်ကြွရူးသွပ်ဆေးပြားအမှုန့် ၁၈ ဒသမ ၁၄ ကီလိုဂရမ်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၁,၀၀၀ ပြား၊ ဘိန်းမည်းအရည် ၂၀ ဂါလန်၊ ဂက်စ်အိုး ၂ လုံး၊ ဆေးပြားရိုက်စက် ၂ လုံး၊ ဆေးမွှေစက် ၂ လုံး၊ အက်စစ်အရည်ထည့်ထားသည့်ပီပါ ၃ လုံး၊ ဆေးချက်ကန် ၆ ကန်၊ မိုးကာတဲ ၅ လုံး၊ အရက်ပြန် ၁၀ လီတာ၊ အနံ့ဆေးဘူး (အကြီး/အသေး)၁၈ ဘူး၊ ဆေးဘူးမျိုးစုံ ၅၉ ဘူးနှင့် CCL တံဆိပ်ပါ အဖြူရောင် အတုံး ၂၀ တုံးတို့အား ပိုင်ရှင်မဲ့ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ယင်းမူးယစ်ဆေးဝါးချက်လုပ်ရေးစခန်းမှ တိမ်းရှောင်လာသူများဟု ယူဆရသည့် သံသယရှိသူ ပတ်ဝန်းကျင်ကျေးရွာများမှ ၃၉ ဦးကိုတွေ့ရှိကာ စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်းလည်း တပ်မတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်၍ ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် နောင်ပိန်းကျေးရွာတစ်ဝိုက် အသေးစိတ် ထပ်မံရှင်းလင်းရှာဖွေခဲ့ရာ ကျေးရွာ၏ အရှေ့ဘက် မီတာ ၁၅၀၀ အကွာ၌ သွပ်မိုးတဲ ၅ လုံး၊ WY စိတ်ကြွဆေးပြားများထည့်ထားသည့် ဆာလာအိတ် ၂၇ အိတ် (ဆေးပြား အရေအတွက် စိစစ်ဆဲ)၊ မူးယစ်ဆေးဝါးရိုက်စက် ၄ လုံး၊ ဆေးစပ်စတီးဗန်း ၁၀ ဗန်း၊ ဂက်စ်အိုး ၆၀၀ လုံး၊ ပွိုင့် ၂၂ သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကြိုးဆွဲလက်ပစ်ဗုံး ၄၆ လုံး၊ ၇ ဒသမ ၆၂ ကျည် ၃၆၀ တောင့်၊ မော်တော်ယာဉ် ၄ စီးနှင့် ဆက်စပ်ပစ္စည်းများအား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား နမ့်စန်မြို့ရှိ မူးယစ်တပ်ဖွဲ့စုသို့ လွှဲပြောင်းအပ်နှံဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် တပ်မတော်အနေနှင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဩဂုတ်လ ၁၅ ရက်နေ့အထိ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအနေနှင့် ဘိန်းဖြူ ၁၇၁ ဒသမ ၇၅၈ ကီလို၊ ဘိန်းစိမ်း ၂၃၉ ဒသမ ၆၄၁၆ ကီလို၊ ဘိန်းမည်း ၆၀ ဒသမ ၇၅၅ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၄၄,၂၉၅,၈၈၈ ပြား၊ အိုက်စ် ၅၀၆၉ ဒသမ ၉၁၂ ကီလို၊ အခြားဆက်စပ်ပစ္စည်း ၁၀၈၄၈ ဒသမ ၁၃ ကီလို (စုစုပေါင်း မူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၇ ဒသမ ၈၅ ဘီလီယံ)ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်က ဆိုသည်။ 

J-08