News

POST TYPE

LOCAL

ရှမ်းမြောက်တိုက်ပွဲကြောင့် ကုန်သွယ်မှုပမာဏများ လျော့ကျဟု စီးပွား/ကူးသန်းဝန်ကြီးဆို
24-Aug-2019

ရန်ကုန်၊ ဩဂုတ် ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးဇုန်တို့တွင် ကုန်သွယ်ရေးများပြတ်တောက်ကာ ကုန်သွယ်မှုပမာဏများ လျော့ကျသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ဩဂုတ်လ ၂၄ ရက်နေ့က ပြုလုပ်သည့် ဒုတိယသမ္မတ ၁ နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခကြောင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်တို့မှာ ကုန်သွယ်မှုများ ထိခိုက်နစ်နာလျက်ရှိပါတယ်။ သွင်းကုန်၊ ပို့ကုန်တွေကိုလည်း ထိခိုက်မှုရှိပါတယ်”ဟု ၎င်းကပြောဆိုသည်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ယခင်ကတစ်ရက်လျှင် အမေရိကန် ဒေါ်လာ ၆ သန်းခန့်အထိ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့သော်လည်း တိုက်ပွဲစတင်ဖြစ်ပွားသည့် ဩဂုတ်လ ၁၅ ရက်နေ့မှစတင်ကာ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၅ သန်းမှ ၇ သိန်းအထိသာ ကုန်သွယ်မှု ပြုလုပ်နိုင်တော့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်တွင်လည်း ယခင်က တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းမှ ၃ သန်းခန့်အထိ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့သော်လည်း တိုက်ပွဲစတင်ဖြစ်ပွားသည့် ဩဂုတ်လ ၁၅ ရက်နေ့မှစတင်ကာ အမေရိကန် ဒေါ်လာ ၅ သိန်းမှ ၃ သိန်းခန့်အထိသာ ဆောင်ရွက်နိုင်တော့ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“သွင်းကုန်၊ ထုတ်ကုန်တန်ဖိုးတင်မကပါဘူး။ လုပ်ငန်းတွေရပ်ဆိုင်းသွားတဲ့အတွက် ကားသမားတွေ၊ ကားပိုင်ရှင်တွေ၊ ဒရိုင်ဘာတွေ အကြောင်းအရာအမျိုးမျိုးနဲ့ သွားလာနေတဲ့သူတွေလည်းရှိတဲ့အတွက်လည်း ဒါတွေအတွက်လည်း နစ်နာပါတယ်”ဟု ဒေါက်တာသန်းမြင့်က ပြောဆိုသည်။

လက်ရှိဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများအပြင် ရေကြီးရေလျှံမှုများကြောင့် ကုန်သွယ်ရေးလုပ်ငန်းများကိုလည်း ထိခိုက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင်တို့အကြား ဩဂုတ်လ ၁၅ ရက်နေ့မှစတင်ကာ ပစ်ခတ်မှုများ ဖြစ်ပွားနေသောကြောင့် ကုန်စည်သယ်ယူပို့ဆောင်သည့် မော်တော်ယာဉ်များက ကုန်စည်အသယ်အပို့များ မပြုလုပ်ဘဲ ကုန်စည်များပြတ်တောက်နေကြောင်း ကုန်သည်များက ပြောကြားသည်။

“မူဆယ်ကုန်သွယ်ရေးဇုန်ကတော့ ပုံမှန်ပဲ။ ဒါပေမဲ့ ပြဿနာကကုန်မဝင်ဘူး။ လမ်းတွေပိတ်တော့ ကုန်မဝင်တာ။ အရောင်းအဝယ်က ပုံမှန်တော့ မဟုတ်ဘူး။ ရပ်နေတယ်”ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ပြောကြားသည်။

J-11