News

POST TYPE

LOCAL

ရက်မှန်ကြေး မတူညီမှုကြောင့် Young Clothing စက်ရုံနှစ်ရုံမှ လုပ်သားများဆန္ဒပြ
24-Aug-2019
ရန်ကုန်၊ဩဂုတ် ၂၄

ရက်မှန်ကြေးပေးရာတွင် မတူညီမှုကြောင့် လှိုင်သာယာစက်မှုဇုန်မှ Young Clothing (၁) စက်ရုံနှင့် ရွှေပြည်သာစက်မှုဇုန်မှ Young Clothing (၂) စက်ရုံတို့မှ အလုပ်သမားများ ဆန္ဒပြလျက်ရှိကြောင်း ယင်းစက်ရုံလုပ်သားများထံမှ သိရသည်။

လှိုင်သာယာ Young Clothing (၁) စက်ရုံမှ အလုပ်သမား ၁၄၀၀ ကျော်က ဩဂုတ် ၁၅ ရက်မှစတင်ကာ လုပ်ငန်းခွင်အတွင်း အလုပ်မလုပ်ဘဲ ကဆန္ဒပြခဲ့သည်ဟု ဦးဆောင်သူ မအိမွန်ကျော်က ပြောသည်။

“ရက်မှန်ကြေးကို စူပါ (Supervisor) က သုံးသောင်း၊ အောစူပါက ငါးသောင်း ကျွန်မတို့ကျတော့ နှစ်သောင်းပဲရတယ်။ လစာကို မပြောဘူးရက်မှန်ကြေးကတော့ တစ်ပြေးညီ ဖြစ်သင့်တယ်”ဟု ၎င်းကဆိုသည်။

လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြခဲ့ကြသဖြင့် အလုပ်ရှင်၊ အလုပ်သမား၊ မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးတို့တွေ့ဆုံပြီး ဩဂုတ်၂၀၊ ရက်နေ့မှစတင်ပြီး ၂၃ ရက်နေ့ထိတိုင် လေးရက်တိုင် ညှိနှိုင်းခဲ့သော်လည်း ရက်မှန်ကြေးပြဿနာကိုမူ ပြေလည်အောင် ဖြေရှင်းနိုင်ခြင်းမရှိကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူ မအိမွန်ကျော်က ရှင်းပြသည်။

အလားတူ ဖြစ်ရပ်များကြောင့် ရွှေပြည်သာ၊ သာဓုကန်စက်မှုဇုန်ရှိ၊ Young Clothing (၂) တွင်လည်း ရက်မှန်ကြေးကိစ္စနှင့်ပတ်သတ်၍ ဩဂုတ် ၂၃ ရက်နေ့မှစတင်ကာ လူအင်အား နှစ်ရာကျော် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း ဆန္ဒပြရာတွင်ပါဝင်သူ ကိုမိုးကိုဦးက ပြောသည်။

“လှိုင်သာယာစက်ရုံက နှစ်သောင်းရတယ်။ ကျနော်တို့က တစ်သောင်းပဲရတယ်။ တန်းတူရချင်တယ်။ အဲဒါကြောင့်ဆန္ဒပြတာ”ဟု ၎င်းကဆိုသည်။

ရွှေပြည်သာ၊ သာဓုစက်မှုဇုန်၊ Young Clothing (၂) တွင် ရရှိသော ရက်မှန်ကြေးမှာ အလွန်ပင် နည်းပါးသောကြောင့် လှိုင်သာယာစက်ရုံရှိ Young Clothing (၁) အတိုင်း ရက်မှန်ကြေးတန်းတူ မရမချင်း ဆန္ဒပြသွားမည်ဖြစ်ပြီး ဩဂုတ် ၂၆ ရက်နေ့တွင် မြို့နယ်အလုပ်သမားရုံးသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း ကိုမိုးကိုဦးကပြောသည်။

“အလုပ်သမားနဲ့ အလုပ်ရှင်ကြားမှာ အဓိကပြဿနာက အလုပ်ရှင်တွေက ဥပဒေကိုမလိုက်နာမှုကြောင့်ဘဲ”ဟု စက်ရုံနှစ်ရုံတွင် အလုပ်သမားအရေး လိုက်လံဆောင်ရွက်ပေးနေသူ မမိုးစန္ဒာမြင့်ကပြောသည်။

အလုပ်သမားများအနေဖြင့် ရက်မှန်ကြေးခွဲခြားပေးခြင်းကိုမသိခင်အချိန်က ပြသာနာမရှိသော်လည်း သိရှိရသောအခါအ လုပ်သမားနှင့်အလုပ်ရှင်ချုပ်ဆိုထားသော နဃ စာချုပ်ပါ ပုဒ်မ ၁၇ အပိုဒ်(က) ၁ တွင်ပါသော စည်းကမ်းအရ အလုပ်ရှင်ကိုဆန္ဒပြကြခြင်းဖြစ်ပြီး ရက်အပြည့်ဆင်းသည့်အတွက် ရက်မှန်ကြေးကို အပြည့်အဝ လိုချင်သည်မှာ အလုပ်သမားတိုင်းရဲ့ဆန္ဒဖြစ်ကြောင်း ၎င်းကဆိုသည်။

Young Clothing (၁)မှာ လှိုင်သာယာ၊ ရွှေလင်ဗန်းစက်မှုဇုန်တွင်ရှိပြီး Young Clothing (၂) ရွှေပြည်သာ၊ သာဓုကန် စက်မှုဇုန် (၃) တွင်တည်ရှိကာ နှစ်ရုံပေါင်း အလုပ်သမား ၃၀၀၀ ကျော်ရှိပြီး တရုတ်နိုင်ငံသားပိုင် ဂျာကင်အင်္ကျီချုပ်စက်ရုံဖြစ်၍ Young Clothing (၃) မှာမူ နေပြည်တော်တွင်တည်ရှိကြောင်း အလုပ်သမားများထံမှ သိရသည်။

အေးချမ်းသူ