News

POST TYPE

LOCAL

ပြည်ပထုတ် မော်တော်ယာဉ် အစိတ်အပိုင်းများ တပ်ဆင်သည့် ဇုန်ထုတ်ယာဉ်များ မှတ်ပုံတင်ထုတ်ပေးမည် မဟုတ်
29-Jul-2016

ရန်ကုန်၊ ဇူလိုင် ၂၈

ပြည်တွင်းစက်မှုဇုန်ထုတ် ယာဉ်များတွင် ပြည်ပထုတ် မော်တော်ယာဉ်များ၏ ပုံစံဖြင့် အစိတ်အပိုင်းများ တပ်ဆင်ထားသည့် ယာဉ်များကို ယခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ မှတ်ပုံတင် ထုတ်ပေးမည် မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) က သတင်းထုတ်ပြန်သည်။

ထိုသို့ ပြုလုပ်ခြင်းမှာ စက်မှုဇုန်ထုတ် ယာဉ်များတွင် စားသုံးသူတို့ ကြိုက်နှစ်သက်စေရန်နှင့် အကြမ်းခံနိုင်စေရန် ရည်ရွယ်၍ ပြည်ပထုတ် အပိုပစ္စည်းများဖြင့် တပ်ဆင်ထုတ်လုပ်ခြင်း ဖြစ်သည့် အတွက် ထိုသို့ မပြုလုပ်နိုင်ရန် ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ကညနထံမှ သိရသည်။

ထို့ကြောင့် စက်မှုဇုန်မော်တော်ယာဉ် ထုတ်လုပ်သူများအတွက် အခက်အခဲများ ဖြစ်ပေါ်စေနိုင်ပြီး စားသုံးသူတို့မှာလည်း ကြိုက်နှစ်သက်မှု နည်းပါးသွားနိုင်ကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက ဆိုသည်။ 

“အဲ့လိုလုပ်ရင်တော့ စက်မှုဇုန်ကားတွေ ထုတ်တဲ့သူတွေ အလိုလို အားနည်းသွားမှာပေါ့။ ပျောက်ကွယ်သွားနိုင်တဲ့ အခြေအနေမှာတောင် ရှိတယ်” ဟု မော်တော်ယာဉ် လုပ်ငန်းရှင်တစ်ဦး ဖြစ်သူ အရည်ကြိုက ပြောဆိုသည်။

ထိုသို့ ပြုလုပ်ခြင်းသည် အရည်အသွေးရှိ စက်မှုဇုန်ထုတ်ယာဉ်များ ပေါ်ထွက်လာနိုင်အောင် ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံက သီးသန့်ထုတ်လုပ်သည့် မော်တော်ယာဉ်များ မြင်တွေ့လာရဖွယ် ရှိကြောင်း ၎င်းက ဆိုသည်။

စက်မှုဇုန်ထုတ် မော်တော်ယာဉ် ဈေးကွက်သည် ကောင်းမွန်ခြင်း မရှိသော်လည်း ထုတ်လုပ်ရောင်းချနေသူများ ရှိနေသေးပြီး နယ်ဒေသများက စီးနင်းမှု များပြားကြောင်း အဆိုပါ လုပ်ငန်းရှင်များထံမှ သိရသည်။

စက်မှုဇုန်ထုတ် မော်တော်ယာဉ်များ ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံခွင့်ကို ၂၀၁၄ ခုနှစ် အတွင်းက ခွင့်ပြုခဲ့ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က လိမ်လည်အပ်နှံမှုများ ရှိခဲ့သည်ဟု ဆိုကာ စက်မှဇုန်ထုတ် မော်တော်ယာဉ် အပ်နှံခွင့်ကို ခေတ္တရပ်ဆိုင်းခဲ့ရာမှ မေလအတွင်း ၁၀ နှစ် သက်တမ်းရှိ မော်တော်ယာဉ်များကိုသာ ပြန်လည်အပ်နှံခွင့် ပြုခဲ့သည်။