News

POST TYPE

LOCAL

စစ်ကိုင်းတိုင်း၌ ကျောက်မီးသွေးသယ်ယူပို့ဆောင်မှု ခွင့်ပြုမိန့်ချထားပေးခြင်းမရှိသေးဟု ဝန်ကြီးပြော
12-Jun-2019
ကလေး၊ ဇွန် ၁၂

စစ်ကိုင်းတိုင်းအတွင်း ကျောက်မီးသွေး သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် မျှောစာများထုတ်ပေးရန် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်ပြီး ခွင့်ပြုမိန့်ထုတ်ပေးရန် အစီအစဉ်မရှိသေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလာလ်ထောင်ထန်းက ပြောကြားသည်။

ဇွန်လ ၁၂ ရက်နေ့က ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပုံမှန် အစည်းအဝေးတွင် ဘုတလင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇေလင်း၏ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်း တရားမဝင် ကျောက်မီးသွေးတူးဖော်သယ်ယူပို့ဆောင်ခြင်းများကို မည်သို့စစ်ဆေးအရေးယူပေးမည်နှင့် သယ်ယူစဉ် ခွင့်ပြုမိန့်ထုတ်ပေးနိုင်ခြင်း ရှိ မရှိဆိုသည့် မေးခွန်းအပေါ် ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ခွင့်ပြုမိန့်ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေဆဲသာရှိပြီး လတ်တလော၌ ကျောက်မီးသွေး စက်မှု၊ လက်မှုကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် တရားဝင်နှင့် တရားမဝင် ခွဲခြားနိုင်ရန်အတွက် စစ်ဆေးရေး အဖွဲ့အစည်းများ ထားရှိအရေးယူနိုင်ခြင်း မရှိသေးကြောင်း၊ သို့သော် တရားမဝင် ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများနှင့်ပတ်သက်၍ ခိုင်မာသည့်သတင်းများရရှိပါက ပူးပေါင်းအဖွဲ့များဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီး ဦးလာလ်ထောင်ထန်းက ပြောကြားသည်။

စစ်ကိုင်းတိုင်းအတွင်း ကျောက်မီးသွေး တူးဖော်ထုတ်လုပ်မှုကို ကလေးဝမြို့နယ်တွင် အများဆုံးထုတ်လုပ်နေပြီး ကလေးနှင့် မော်လိုက်မြို့နယ်တို့တွင်လည်း တူးဖော်ထုတ်လုပ်မှုများရှိနေသည်။ 

ယင်းသုံးမြို့နယ်အနက် ကလေးဝမြို့နယ်မှ ကျောက်မီးသွေး တူးဖော်ထုတ်လုပ်မှုကို ကုမ္ပဏီ ၁၀ ခုက ပြုလုပ်လျက်ရှိရာ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျောက်မီးသွေးတန်ချိန် ၂၇,၃၃၆ တန်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၃၃၈,၅၄၆ တန်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ၂၀၁၉ ခုနှစ်၊ မတ်လအထိ ၂၁၄,၆၉၁ တန် ထုတ်လုပ်လုပ်နိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါတူးဖော်ရရှိသည့် ကျောက်မီးသွေးများကို ချင်းတွင်းမြစ်ကြောင်းအတိုင်း မော်တော်ရေယာဉ်များဖြင့်လည်းကောင်း၊ ကလေးဝ- ရေဦးမဟာမြိုင် ကားလမ်း၊ ကလေးဝ- မုံရွာယာကြီးကားလမ်းနှင့် ကလေးဝ- ကလေး- ဂန့်ဂေါ- ပုလဲ ပုံတောင်ပုံညာကားလမ်းအတိုင်း မော်တော်ယာဉ်များဖြင့်လည်းကောင်း သယ်ယူလျက်ရှိကြသည်။

R-20