News

POST TYPE

LOCAL

လှည်းကူးတွင် ဓားကိုင်ရမ်းကားနေသည့်အဖွဲ့ကို သေနတ်နှင့်ပစ်ခတ်ဖမ်းဆီး
02-Jun-2019
ရန်ကုန်၊ ဇွန် ၂

လှည်းကူးမြို့နယ်၊ လှည်းကူး-ဒါးပိန် ကားလမ်းရှိ ကျွန်းကုန်းလမ်းဆုံတွင် ခရီးသွားလာနေသော ပြည်သူများကို ဓားကိုင်ခြိမ်းခြောက် ရန်ပြုနေသည့်အဖွဲ့အား သေနတ်နှင့်ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

မင်းမဲ့စရိုက်ဆန်ဆန် ဓားကိုင်ရမ်းကားသည့် အမျိုးသားငါးဦးမှာ လှည်းကူးမြို့နယ်တွင် နေထိုင်သူများဖြစ်ပြီး မေ ၃၁ ရက် ည ၇ နာရီခွဲက ကျွန်းကုန်းလမ်းဆုံတွင် ခရီးသွားပြည်သူများကို ဓားများကိုင်ဆောင်၍ ခြိမ်းခြောက် ရန်ပြုနေကြောင်း သတင်းရရှိမှုကြောင့် ရဲတပ်ဖွဲ့ကသွားရောက်ဖမ်းဆီးခဲ့ရာ ပြန်လည်ရန်ပြုတိုက်ခိုက်လာသဖြင့် သေနတ်နှင့်ပစ်ခတ်ဖမ်းဆီးခဲ့ရသည်။

“အခင်းဖြစ်ညမှာ လေးယောက်ကိုဖမ်းမိတယ်။ လွတ်သွားတဲ့ တစ်ယောက်ကို မနေ့က (ဇွန် ၁ ရက်) နေ့လယ်ပိုင်းမှာ ထပ်မိတယ်။ အရက်မူးပြီး လမ်းပေါ်မှာ ဓားတွေကိုင်ရမ်းကားနေလို့ သွားဖမ်းချိန်မှာ ပြန်လည် ရန်ပြုတိုက်ခိုက်လာတာကြောင့် သေနတ်နဲ့ပစ်ဖမ်းခဲ့ရတာပါ။ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပါဘူး”ဟု လှည်းကူးမြို့မ ရဲစခန်းမှူး ဒုရဲမှူး မောင်မောင်ဦးကပြောသည်။

ဓားကိုင်ရမ်းကားသည့်အဖွဲ့မှာ လှည်းကူးမြို့တွင် နေထိုင်သူများဖြစ်သော ပီချေး (ခ) မျိုးဇင်လတ်၊ အောင်နိုင်၊ ဇော်မင်းသိန်း၊ သက်ပိုင်မျိုးဦး (ခ) သံချောင်း၊ ကျော်နိုင်ထွန်းတို့ဖြစ်ပြီး အောင်နိုင်တွင် ကျည်မှန်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ၎င်းတို့အဖွဲ့ကို လှည်းကူးမြို့မ ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၇/ ၃၅၃/ ၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03