News

POST TYPE

LOCAL

ထားဝယ်ခရိုင် လျှပ်စစ်ယူနစ်ဈေး ယခုလတိုးမည်
14-May-2019
ထားဝယ်၊ မေ ၁၃

ထားဝယ်ခရိုင်အတွင်း အသုံးပြုနေသည့် လျှပ်စစ်ယူနစ်ဈေးနှုန်းကို ယခုလအတွင်း တိုးမြှင့်ကောက်ခံတော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရကပြောသည်။

ဧပြီလအထိ တစ်ယူနစ် ကျပ် ၂၀ဝ နှုန်းထားဖြင့် ကောက်ခံပြီး လက်ရှိမေလအတွင်း သုံးစွဲသည့် လျှပ်စစ်တစ်ယူနစ်နှုန်းထားကို တိုးမြှင့်ကောက်ခံမည်ဟု ဦးအောင်သူရက ဆိုသည်။

“ယူနစ်ဈေးနှုန်းကတော့ တိုးမယ်၊ အခု ဒီတစ်လကနေပြီး ယူနစ်ဈေးနှုန်းက စတိုးမယ်”ဟု ဝန်ကြီးဦးအောင်သူရက ပြောသည်။

လျှပ်စစ်ဈေးနှုန်း တိုးမြှင့်ပြီးနောက် လက်ရှိလုပ်ကိုင်နေသည့် GGS ကုမ္ပဏီကို ယာယီအနေဖြင့်  ဆက်လုပ်ခွင့်ပြုမည်ဖြစ်ပြီး လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခွင့် ယာယီစာချုပ်ကို  အခုရက်ပိုင်းအတွင်း ချုပ်ဆိုမည်ဖြစ်ကြောင်း ဝန်ကြီးဦးအောင်သူရက ပြောသည်။

တိုးမြှင့်ကောက်ခံမည့် တစ်ယူနစ် နှုန်းထားကို ထုတ်ဖော်ပြောဆိုရန် ဝန်ကြီးက ငြင်းဆိုသည်။

လျှပ်စစ်ယူနစ်ဈေးနှုန်း အပါအဝင် လက်ရှိခရိုင်လျှပ်စစ် အခြေအနေများကို GGS ကုမ္ပဏီနှင့် ယာယီစာချုပ် ချုပ်ဆိုပြီး မေလကုန်ပိုင်းတွင် ပြည်သူလူထုအား အသိပေးမည်ဖြစ်ကြောင်း ဝန်ကြီးဦးအောင်သူရက ပြောသည်။

“စာချုပ် ချုပ်ပြီးမှ (ပြည်သူကို) ချပြမယ်ပေါ့”ဟု ၎င်းကဆိုသည်။

ယာယီ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခွင့် စာချုပ်သက်တမ်းကို ယခုဘဏ္ဍာရေးနှစ်ကုန် (စက်တင်ဘာလကုန်)အထိ သတ်မှတ်မည်ဖြစ်ပြီး ယင်းကာလမတိုင်မီ တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လျှပ်စစ်တစ်ယူနစ်လျှင် ၂၅၀ ကျပ်ခန့် ကျသင့်ဖွယ်ရှိကြောင်း ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အထောက်အကူပြု ဗဟိုကြီးကြပ်မှုကော်မတီ (ခရိုင်လျှပ်စစ် ကော်မတီ) ဝင် အချို့ထံမှ စုံစမ်းသိရှိရသည်။

လျှပ်စစ်ယူနစ် ဈေးနှုန်းတိုးမည့်အချက် အပါအဝင် GGS ကုမ္ပဏီကပေးဆောင်ရန် ပျက်ကွက်နေသည့် ကုန်သွယ်လုပ်ငန်းခွန်ကို အပြေအကျေပေးသွင်းရန်၊ ဂက်စ်ဖိုးငွေ တစ်လစာကို ကြိုတင်စပေါ်ငွေ ပေးသွင်းရန် အစရှိသည့် အချက်များကို (ခရိုင်လျှပ်စစ်ကော်မတီ) အစည်းအဝေးတွင် ဆွေးနွေးထားကြောင်း ကော်မတီဝင်အချို့ကပြောသည်။

တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် အထက်ပါ ကော်မတီတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ စသည့် ကော်မတီအဖွဲ့ဝင် ၃၄ ဦး ပါဝင်သည်။

Dawei Watch ၏ မေးမြန်းချက်များအရ လျှပ်စစ်ယူနစ်ဈေးနှုန်း တိုးကောက်မည့်အကြောင်းကို မီးသုံးသူ အများစုက မသိရှိကြသေးပေ။

ယင်းကဲ့သို့ လျှပ်စစ်ဓာတ်အားခ နှုန်းထားတိုးလိုက်သည်ကို ပြည်သူလူထုကို အသိပေးခြင်း မရှိသေးသည့်အပေါ် မီးသုံးသူ အများစုက ဝေဖန်ပြောဆိုမှုများရှိသည်။

လျှပ်စစ်ယူနစ်ဈေးနှုန်း တိုးကောက်မည်ကို ကြိုသိထားပါက တိုးလာမည့်ငွေကြေးကို တွက်ချက်ကာ လျှပ်စစ်ကို ချင့်ချိန်သုံးစွဲနိုင်မည်ဖြစ်ပြီးယခုကဲ့သို့ ရုတ်တရက် တိုးမြင့်ကောက်ခံခြင်းမျိုး မလုပ်သင့်ကြာင်း လောင်းလုံးမြို့နယ် အင်းဝန်းကျေးရွာနေ ဒေါ်သန်းသန်းဆင့်က ဆိုသည်။

“ပြည်သူနဲ့ လုပ်နေတဲ့ကိစ္စကို ပြည်သူကို ကြိုအသိပေးပြီးမှ လုပ်စေချင်တယ်”ဟု ၎င်းက ပြောသည်။

လျှပ်စစ် ယူနစ်ဈေးနှုန်း တိုးမည့်အကြောင်း မီးသုံးသူပြည်သူများကို အချိန်မီမရှင်းပြပါက ဝေဖန်အပြစ်တင်မှုများ ရှိလာနိုင်ကြောင်း အထက်ပါ ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးကျော်ကျော်ဦးကဆိုသည်။

“ဈေးနှုန်းကို သတ်မှတ်ကောက်ခံပြီးမှ ရှင်းပြမယ်ဆိုရင် အာဏာရှင်ဆန်သွားမှာပေါ့”ဟု ဦးကျော်ကျော်ဦးက ပြောသည်။

မီးသုံးသူအချို့ကလည်း GGS ကုမ္ပဏီကို ယာယီ ဆက်လုပ်ခွင့်ကိုပင် မပေးသင့်တော့ကြောင်း ပြောဆိုမှုများရှိနေသည်။

လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေခြင်း၊ လျှပ်စစ်မီးအား မမှန်ခြင်းနှင့် မီးပျက်မည့်အကြောင်း ကြိုတင်ကြေညာခြင်းမရှိဘဲ လုပ်ဆောင်နေသည့် ကုမ္ပဏီကို ယာယီ ဆက်လုပ်ခွင့်ပင် ခွင့်မပြုသင့်ကြောင်း ထားဝယ်မြို့ပေါ်ရှိ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

“အဲလို ကုမ္ပဏီတစ်ခုကို ဘာဖြစ်လို့ လုပ်ခွင့်ပေးဦးမှာလဲပေါ့နော်”ဟု အဆိုပါ ဟိုတယ်လုပ်ငန်းရှင်က ပြောသည်။

GGS ကုမ္ပဏီသည် နိုင်ငံတော်သို့ ဂက်စ်ဖိုးငွေ အကြွေးကျပ် ၁၀ ဘီလီယံခန့်ကို  အရစ်ကျပေးသွင်းလျက်ရှိကြောင်း အထက်ပါကော်မတီထံမှ သိရသည်။

Dawei Watch