News

POST TYPE

LOCAL

မြို့နယ် ငါးခုတွင် အိတ်ခ်ျအိုင်ဗီ ကာကွယ်ရေး လုပ်ငန်းများအတွက် ADB က ကန်ဒေါ်လာ ၁၀ သန်းထောက်ပံ့
07-May-2019

ရန်ကုန်၊ မေ ၇

မြို့နယ် ငါးခုတွင် အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ် ကာကွယ်ရေးလုပ်ငန်း စီမံကိန်းများအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ဂျပန်နိုင်ငံအစိုးရက ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းကို ထောက်ပံ့ပေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

စီမံကိန်းအတွက် မွန်ပြည်နယ် မော်လမြိုင်၊ ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ မြဝတီနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့များတွင် စီမံကိန်းလုပ်ငန်းများကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှ လာမည့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအထိ ၆ နှစ်ကြာ ဆောင်ရွက်သွားမည့် စီမံကိန်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုခံကျကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်လုပ်ငန်းများအရ သိရသည်။

အဆိုပါစီမံကိန်း၏ အဓိကလုပ်ငန်းများကို UNAIDS နှင့်ပူးပေါင်း၍ ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ ဝယ်ယူရေးနှင့် သတင်းအချက်အလက်များ ထိန်းသိမ်းပြုစုခြင်းသင်တန်းများ ပို့ချရန်စီစဉ်ပေးခြင်း၊ စီမံကိန်းဝင် မြို့နယ် ၅ ခုတွင် ကျန်းမာရေး အဆောက်အအုံ ၃၃ လုံး ဆောက်လုပ်ခြင်းနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းအပြင် အိတ်ခ်ျအိုင်ဗီ ကာကွယ်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်လုပ်ငန်းများတွင် ဖော်ပြထားသည်။

ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် ပထမဆုံး အာရှဖွံ့ဖြိုးရေးဘဏ် အထောက်အပံ့ဖြစ်ပြီး အစပိုင်းနှစ်များတွင် လုပ်ငန်းစတင်ရန် အခက်အခဲနှင့် နှောင့်နှေးမှုများ ရှိခဲ့ကြောင်း၊ ယင်းစီမံကိန်း၏ ရလဒ်များကို မှတ်တမ်းတင်ရန် လိုအပ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

J-12