News

POST TYPE

LOCAL

မန္တလေး ဗဟိုအကျဉ်းထောင် မြေယာလျော်ကြေး မူလတောင်သူများကို ကျပ်သိန်း ၃၉၀၀ ကျော်ပေး
13-Mar-2019


မန္တလေး၊ မတ် ၁၃

မန္တလေးဗဟိုအကျဉ်းထောင် ဆောက်လုပ်စဉ် ပါဝင်ခဲ့သည့် မြေယာ ၁၃ ဧက၏ မူလပိုင်ရှင်တောင်သူ ၃ ဦးကို တိုင်းအစိုးရအဖွဲ့က လျော်ကြေးငွေ ကျပ်သိန်း ၃၉၀၀ ကျော်ကို ပြန်လည် ပေးအပ်သည့်အခမ်းအနားကို ယင်းအကျဉ်းထောင်ရှိ ဓမ္မာရုံတွင် မတ်လ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည်။

ယင်းထောင်ကို မြေဧက ၇၀ ဒသမ ၁၂ ဧကပေါ်၌ ၁၉၉၂ ခုနှစ်က စတင်ဆောင်လုပ်ခဲ့ရာ အချို့မြေများသည် သင်္ချိုင်းမြေများဖြစ်သော်လည်း တောင်သူများ၏ လယ်ယာမြေ ၁၃ ဒသမ ၀၂ ဧကအတွက် တစ်ဧကလျှင် ကျပ်သိန်း ၃၀၀ နှုန်းဖြင့် စုစုပေါင်းလျော်ကြေး ကျပ် ၃၉၀၆ သိန်းပေးအပ်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

၂၀၁၅ ခုနှစ်တွင် တောင်သူများက ပိုလျှံမြေများကို ပြန်လည် တောင်းခံခဲ့သောကြောင့် မြေယာများကို အဆင့်ဆင့် ပြန်လည်စိစစ်၍ လယ်ယာမြေစိစစ်ရေးညွှန်ကြားချက် သတ်မှတ်နှုန်းထားအတိုင်း လျော်ကြေးငွေ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

“ဒီမြေကို ဘာလို့ပြန်မစွန့်လွှတ်လဲဆိုရင် နောက်ပိုင်းမှာ အကျဉ်းသားတွေ လေ့ကျင့်ပေးမယ့် အကျဉ်းထောင်ငယ်တစ်ခု ဆောက်မှာဖြစ်လို့ မစွန့်လွှတ်ခဲ့တာ”ဟု ၎င်းက ရှင်းပြပြောဆိုသည်။

မန္တလေးဗဟိုအကျဉ်းထောင်တွင် ပြုလုပ်သော အခမ်းအနားတွင် ဧရာဝတီတံတား (ရတနာပုံ) စီမံကိန်းမှ တောင်သူ (၃) ဦး၏ မြေ ၂ ဒသမ ၂၄ ဧကကို ပြန်လည် စွန့်လွှတ်ခြင်းနှင့် ၂ ဒသမ ၀၅ ဧကအတွက် လျော်ကြေးငွေပေးအပ်ခြင်း၊ ၂၃၀ ကေဗွီ အောင်ပင်လယ်ပင်မဓာတ်အခွဲရုံ ဆောက်လုပ်ရာတွင် ပျက်စီးခဲ့သည့် ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာမှ တောင်သူနှစ်ဦးပိုင် မြေ ၂ ဒသမ ၆၀ ဧကအတွက် သီးနှံလျော်ကြေးများလည်း အသီးသီး ပေးအပ်ခဲ့သည်။

M-08