News

POST TYPE

LOCAL

စစ်ကိုင်းတိုင်း အမှတ်တံဆိပ်နှင့် အလံ အတည်ပြုနိုင်ရန် လွှတ်တော်တွင် တင်ပြ
05-Mar-2019
ကလေး၊ မတ် ၅

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အမှတ်တံဆိပ်(Logo) နှင့် အလံ အတည်ပြုနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က မတ်လ ၅ ရက်နေ့က ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင် တင်ပြခဲ့သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်သွင်းခဲ့သည့် စစ်ကိုင်းတိုင်းကိုယ်စားပြုအလံသည် အဝါရောင်ခြင်္သေ့ပုံပေါ်တွင် စစ်ကိုင်းတိုင်းဒေသကြီးဟူ၍ အဖြူရောင်ဖြင့် စာထိုးထားသည့် အနီရောင်အောက်ခံအလံဖြစ်ပြီး အမှတ်တံဆိပ်မှာ ခြင်္သေ့ပုံကို အနီရောင်ကြယ် ၁၂ လုံးက ဝန်းရံထားသည့် အောက်ခံအရောင်မှာ အဝါရောင်ကို စက်ဝိုင်းအတွင်း၊ အနီရောင်ကို စက်ဝိုင်းအပြင်ဘက် အရောင်အဖြစ် ပြုလုပ်ထားသည့် အမှတ်တံဆိပ်အဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အစိုးရအဖွဲ့တင်သွင်းခဲ့သည့် လိုဂိုနှင့် အလံကိစ္စဆွေးနွေးရန်အတွက် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များက မတ်လ ၅ ရက်နေ့ ညနေ ၄ နာရီအပြီး လွှတ်တော်သို့ အမည်စာရင်းတင်သွင်းရမည်ဖြစ်ပြီး အတည်ပြု မပြုကို မတ်လ ၆ ရက်နေ့တွင် ကျင်းပမည့် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်သည်။

“အစိုးရတစ်ဖွဲ့လုံးကို ကိုယ်စားပြုရမယ့် သင်္ကေတဟာ အဓိပ္ပာယ်တစ်ခုခု သက်ဝင်နေရမယ်။ ခြင်္သေ့ကို ကန့်ကွက်တာ မဟုတ်ပါဘူး။ သင်္ကေတသည် စစ်ကိုင်းတိုင်းတစ်တိုင်းလုံးကို ကိုယ်စားပြုမှု ရှိရမယ့်အဓိပ္ပာယ်လည်း ပေါ်လွင်နေရမယ်။ ကျွန်တော်ကတော့ ကန့်ကွက်စာတင်ထားခဲ့တယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ အနီရောင်တွေကို အများကြီး သုံးထားတယ်။ အရင်အစိုးရတုန်းက အစိမ်းရောင် သုံးထားတယ်။ အဲဒီတော့ အစိမ်းအစိုးရတုန်းက အစိမ်းရောင်သုံးပြီး အနီအစိုးရကျရင် အနီရောင်တွေလုပ်တာ ဒါကိုဆိုလိုတာ မဟုတ်ဘူး။ ဘယ်အစိုးရပဲတက်တက် ဒီစစ်ကိုင်းတိုင်း တစ်တိုင်းလုံးကို ကိုယ်စားပြုနေရမယ်”ဟု ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောဆိုသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့က ကျင်းပခဲ့သည့် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် မုံရွာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်အမာကြည်က တိုင်းဒေသကြီးအလံနှင့် လိုဂိုကို ပြုပြင်ပြောင်းလဲရန် တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ထောက်ခံမဲ ၅၆ မဲ၊ ကန့်ကွက်မဲ ၂၅ မဲ၊ ကြားနေမဲ ၂ မဲ၊ ပယ်မဲ ၂ မဲဖြင့် အနိုင်ရရှိခဲ့ပြီးနောက် တိုင်းဒေသကြီးအလံနှင့် အမှတ်တံဆိပ်ကို ပြုပြင်ပြောင်းလဲရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပြုလုပ်ခဲ့ပြီး လွှတ်တော်သို့ တင်ပြလာသည့်လိုဂိုသည် ယခင်အစိုးရအဖွဲ့ အဆက်ဆက် အသုံးပြုခဲ့သည့် ခြင်္သေ့ပုံ ပြန်လည်ပါဝင်လာပြီး ကွဲပြားမှုအနေနှင့် အစိမ်းရောင်နေရာတွင် အနီရောင်အဖြစ်နှင့် အနီရောင်ကြယ် ၁၂ လုံး ဖြည့်စွက်ပါဝင်လာခဲ့ခြင်းနှင့် အောက်ခံအစိမ်းရောင်နေရာတွင် အနီရောင်အဖြစ် ပြောင်းလဲပါဝင်လာခြင်းသာ ကွဲပြားခဲ့သည်။

အလံအသစ်နှင့် လိုဂိုအတွက် ပြိုင်ပွဲဝင်များကို ပြီးခဲ့သည့်နှစ်အတွင်းက ဖိတ်ခေါ်ခဲ့ပြီး ပြိုင်ပွဲကျင်းပခဲ့ကာ ဆုအဖြစ် အလံအတွက် ကျပ်ငါးသိန်းနှင့် လိုဂိုအတွက် ကျပ်ငါးသိန်းချီးမြှင့်ခဲ့သည်။

R-20/ R-08