News

POST TYPE

LOCAL

ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို သက်သေခံကတ်ပြားနှင့် ရင်ထိုးတံဆိပ် လုပ်ပေးရန်မရှိဟု ရန်ကုန်တိုင်းနယ်လုံဝန်ကြီးပြော
19-Feb-2019
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို သက်သေခံကတ်ပြားနှင့် ရင်ထိုးတံဆိပ်များပြုလုပ်ပေးရန် အစီအစဉ်မရှိဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောကြားသည်။

“တိုင်းအစိုးရအဖွဲ့ကို ဒီဟာနဲ့ပက်သက်ပြီးတော့ ညွှန်ကြားချက် မရှိသေးပါဘူး။ ညွှန်ကြားထားတာလည်း မရှိပါဘူး။ ဒါကြောင့်မို့လို့ လက်ရှိမှာ ဆောင်ရွက်ပေးဖို့ အစီအစဉ်မရှိပါဘူး”ဟု နယ်လုံဝန်ကြီးက ပြောဆိုသည်။

လမ်းမတော်မြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းက ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ်တော်တွင် ရန်ကုန်တိုင်းအတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား သက်သေခံကတ်ပြားနှင့် ရင်ထိုးတံဆိပ်များပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းကို ၎င်းက အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။

လက်ရှိတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လစဉ်ချီးမြှင့်ထောက်ပံ့ငွေနှင့် ရုံးအသုံးစရိတ်များကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ဆက်လက်ပြေကြားသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ခန့်အပ်မိန့်ထုတ်ပေးထားတယ်။ ဒီခန့်အပ်မိန့်ကလည်း A4 စာရွက်နဲ့ ထုတ်ပေးထားတာဖြစ်တယ်။ နောက်တစ်ခုက ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ တာဝန်တွေဆောင်ရွက်တဲ့အခါမှာ ပြည်သူလူထုက အလွယ်တကူ သိရှိနိုင်ဖို့ ရင်ထိုးတံဆိပ်တွေ လိုအပ်မှာလည်းဖြစ်ပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းက ပြောဆိုသည်။

ရန်ကုန်တိုင်း ဆိပ်ကြီး-ခနောင်တိုမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အမှတ်အသားနှင့်အမည်ပါရှိသည့် ရင်ထိုးတံဆိပ်တပ်ဆင်မှုကို ယင်းမြို့နယ် စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေး သဘောတူညီချက်အရ တပ်ဆင်အသုံးပြုခွင့်ပေးခဲ့ကြောင်း၊ သို့သော် သက်ဆိုင်ရာမှခွင့်ပြုထားသည့်ကိစ္စ မဟုတ်ခြင်းကြောင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကစိစစ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တပ်ဆင်အသုံးပြုခဲ့သော ရင်ထိုးတံဆိပ်များကို ပြန်လည် သိမ်းဆည်းခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့ကြောင်း နယ်လုံဝန်ကြီးက ထပ်လောင်းပြောဆိုသည်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိရာ ယင်းမြို့နယ်များအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၇ (စ) အရ ဒေသခံ ပြည်သူများက လျှို့ဝှက်ဆန္ဒမဲဖြင့်ရွေးချယ်ပြီး မဲအများဆုံးရရှိသူကို ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စုအုပ်ချုပ်ရေး ဥပဒေပုဒ်မ ၅ အရ အရည်အချင်းနှင့်ကိုက်ညီမှု ရှိ၊ မရှိစိစစ်၍ ခန့်အပ်ထားခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်ထောင်စုအစိုးရက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်သို့ လွဲပြောင်းထားပြီဖြစ်သည်။

J-17