News

POST TYPE

LOCAL

ယာဉ်ကြောပိတ်ဆို့မှုဒုက္ခ လျော့နည်းကင်းဝေးရလေအောင်
04-Feb-2019
မဟာရန်ကုန်မြို့ရဲ့ လူဦးရေမှာ ခုနစ်သန်းကျော်လောက်ရှိကြောင်း စာရေးသူ ဖတ်ဖူးပါသည်။ ရန်ကုန်တိုင်းဒေသကြီးရှိ ၄၅ မြို့နယ်မှ ပြည်သူလူထုအများစုသည် ရုံးဆင်း၊ ရုံးတက်၊ ကျောင်းကြို၊ ကျောင်းပို့၊ ဈေးရောင်း၊ ဈေးဝယ်၊ အသက်မွေးဝမ်းကျောင်းမှုပြုရန် နိစ္စဓူဝ ကိုယ်ပိုင်ကားများဖြင့်လည်းကောင်း၊ အငှားယာဉ်များဖြင့်လည်းကောင်း၊ လိုင်းကားများ (ယခု YBS ယာဉ်လိုင်းများ) ဖြင့်လည်းကောင်း၊ မီးရထားများဖြင့်လည်းကောင်း၊ ဟိုဘက်ကမ်း ဒီဘက်ကမ်း မြစ်ကူးရန်အတွက် လှေ၊ သင်္ဘောများဖြင့်လည်းကောင်း မဖြစ်မနေ သွားလာလှုပ်ရှားနေရပါသည်။

တစ်နေ့ ရုံးဆင်းချိန် YBS အမှတ် ၇ ယာဉ်လိုင်းမှာလည်း အလွန်ကျပ်သဖြင့် အိမ်အပြန်စောရောက်ချင်တဲ့အတွက် အငှားယာဉ် Taxi တစ်စီးကို ပန်းဆိုးတန်းထိပ်မှ သင်္ဃန်းကျွန်းသို့ ၃၅၀၀ ကျပ်ပေးကာ စီးခဲ့ရသည်။ အငှားယာဉ်မောင်းသည် အပြောကောင်း၊ သဘောကောင်း၊ စာပေဗဟုသုတ နှံ့စပ်သူတစ်ဦးဖြစ်သည့်အပြင် ရန်ကုန်မြို့မှာမွေး၊ ရန်ကုန်မြို့လယ်မှာ ကြီးပြင်းခဲ့သူ၊ အသက် ၁၆ နှစ်သားမှ အခု အသက် ၇၀ နှစ်အထိ ယာဉ်မောင်းအတွေ့အကြုံရှိသူတစ်ဦးဖြစ်ပါသည်။ မဟာရန်ကုန်မြို့၏ ယာဉ်သွားယာဉ်လာထူထပ်၍ ခရီးသွားပြည်သူလူထုများ ကားပေါ် အချိန်ကုန်ကာ စိတ်ပန်း၊ လူပန်းဖြစ်ရပုံတို့ကို စကားစမြည် ပြောဆိုဆွေးနွေးဖြစ်ခဲ့ပါသည်။ ဒါကြောင့်လည်း ဗဟုသုတအကြံဉာဏ်များ သူ့ထံမှ အမြောက်အမြား ရရှိခဲ့ပါသည်။ ထို့ကြောင့်လည်း စာဖတ်ပရိသတ်ကြီးနှင့်တကွ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးတာဝန်ရှိသူတွေကို စာရေးသူတစ်ယောက်အနေနှင့် ခရီးသွားပြည်သူလူထု နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာအချို့ကို မိမိတတ်စွမ်းသလောက် ကူညီဖြေရှင်းပေးလိုစိတ်များဖြစ်ပေါ်မိ၍ ဤဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ယာဉ်များကို ညာဘက် (လက်ယာရစ်ဘက်) မောင်း စနစ်ဖြင့် မောင်းနှင်ခွင့်ပြုထားပါသည်။ ဘယ်ဘက် (လက်ဝဲရစ်ဘက်) မောင်းနှင်ခဲ့ပါက ယာဉ်စည်းကမ်း ဖောက်ဖျက်ကျူးလွန်ရာရောက်သဖြင့် ယာဉ်ထိန်းရဲက အရေးယူလိမ့်ဖြစ်ပါသည်။ လမ်းပြောင်းပြန်မောင်းသည့်သဘော ဖြစ်သွား၍ဖြစ်ပါသည်။

အရှေ့တောင်အာရှနိုင်ငံများ၊ အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံအများစုတွင် လက်ဝဲရစ်မောင်းစနစ်ကို ယနေ့တိုင်ကျင့်သုံးနေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ယခင်က ထိုလက်ဝဲဘက်ယာဉ်ကြော မောင်းနှင်သည့်စနစ် ရှိခဲ့ဖူးပါသည်။ ၁၉၇၀ ခုနှစ်ဝန်းကျင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် Left Side ယာဉ်ကြောမှ မောင်းနှင်နေသည့်စနစ်မှ Right Side ညာဘက်ယာဉ်ကြောမှ မောင်းနှင်သည့်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ကြောင်း ယာဉ်မောင်းအဘိုးအိုတစ်ဦးက စာရေးသူအား ရှင်းပြခဲ့ဖူးပါသည်။

အမေရိကန်နိုင်ငံပြီးလျှင် ဂျပန်နိုင်ငံသည် ကားထုတ်လုပ်ရာတွင် စံချိန်တင်သောနိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံထုတ်ကားများကို ယနေ့တိုင် မှာယူတင်သွင်း အသုံးပြုနေရသောနိုင်ငံဖြစ်ပါသည်။ ဂျပန်နိုင်ငံသည် ကမ္ဘာ့နိုင်ငံအများစုသို့ ကားတင်ပို့ရာတွင် Steering (စတီရာတိုင်) အား ကား၏ညာဘက်တွင်ထားကာ တပ်ဆင်ထုတ်လုပ်ပြီး လက်ဝဲရစ်ယာဉ်ကြောမောင်းစနစ်နှင့် အံဝင်ခွင်ကျဖြစ်အောင် ထုတ်လုပ်လျက်ရှိပါသည်။ လက်ဝဲရစ်ယာဉ်ကြောမှ မောင်းနှင်နေစဉ်တွင် Steering မောင်းတံသည် ယာဉ်မောင်း၏ ညာဘက်အခြမ်းတွင်ရှိသဖြင့် ရှေ့ကားကိုမြင်နေရသောကြောင့် ကျော်တက် သင့် မသင့် ချင့်ချိန်နိုင်ပါသည်။ သို့သော် ယခင်ကတင်သွင်းခဲ့သောယာဉ်များသည် လက်ဝဲရစ်မောင်းယာဉ်ကြောစနစ်အတွက် အဆင်ပြေစေရန် ရည်ရွယ်ထုတ်လုပ်ထားသဖြင့် လက်ယာဘက်မောင်းယာဉ်ကြောများတွင် မောင်းနှင်ရသောအခါ နှစ်လမ်းမောင်းသွားလမ်းများတွင် ယာဉ်တစ်စီးနှင့်တစ်စီး ကျော်တက်သောအခါ မျက်နှာချင်းဆိုင်မှ မောင်းလာသောယာဉ်အား တိုက်မိပြီး မတော်တဆ Car Accident များ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရပါသည်။ ယာဉ်မောင်းနေရသည့်ဘက်နှင့် စတီရာတိုင်ရှိသည့်ဘက် အံမဝင်သောကြောင့်ဖြစ်သည်။

ထိုပြဿနာကိုဖြေရှင်းနိုင်ရန် နောက်တင်သွင်းမည့်ယာဉ်များကို လက်ယာဘက်အခြမ်းမောင်းစနစ်နှင့် အံဝင်ခွင်ကျဖြစ်စေမည့် စတီရာတိုင် (Steering) ဘယ်အခြမ်းတပ်ယာဉ်များကိုသာ နိုင်ငံအတွင်း တင်သွင်းသင့်ပါသည်။ လက်ဝဲဘက်၊ လက်ယာဘက်မောင်းသည့်စနစ်အား ရုတ်တရက် ပြောင်းလဲဖို့ရန်ကား စိန်ခေါ်မှုများ အဆင်မပြေမှုများစွာ ရှိနိုင်ပါသည်။

မဟာရန်ကုန်မြို့ရှိ လူစည်ကားရာနေရာများရှိ လူကူးမျဉ်းကျားများတွင်ပင် ခရီးသည်များသည် လမ်းဖြတ်ကူးရန် ကားများကို ယာဉ်ကြောပြတ်သည်အထိ စောင့်ဆိုင်းနေရပါသည်။ ယာဉ်အသွားအလာကျဲသွားမှ လမ်းဖြတ်ကူးရသည့်ဒုက္ခကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ရပါသည်။ အင်္ဂလန်နိုင်ငံလိုနေရာမျိုးကို စာရေးသူရောက်ခဲ့စဉ် အရှိန်နှင့်လာသောကားများသည် ခရီးသည်များ လမ်းဖြတ်ကူးမည်ကိုမြင်သောအခါ ရပ်တန့်ပေးကြပါသည်။ ကျောင်းသားလေးတစ်ဦး လူကူးမျဉ်းကျားအနီးရှိ Bell ခလုတ်တစ်ခုကို နှိပ်လိုက်ရုံဖြင့် ကားများအရှိန်လျှော့ကာ လမ်းဖြတ်ကူးသူများကို ဦးစားပေးသည့်ယဉ်ကျေးမှုမှာ မှတ်သားဂုဏ်ယူဖွယ်ရာ ကောင်းလှပါသည်။

ယနေ့ ရန်ကုန်မြို့ရှိ ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်တန်းရှည်ကြီးများဖြစ်ပေါ်ကာ ကားများက လိပ်လိုသွားနေမှု၊ လမ်းခရီးများတွင်ပင် တန်ဖိုးရှိအချိန်များ ဆုံးရှုံးကာ ရုံးတက် ရုံးဆင်း၊ အလုပ်သွား အလုပ်ပြန်၊ ကျောင်းတက် ကျောင်းဆင်း စသည်တို့ နောက်ကျမှုတို့ကြောင့် စိတ်ဖိစီးမှုဒဏ်ကို နေ့စဉ်နှင့်အမျှ ခံစားနေရပါသည်။ ရန်ကုန်မြို့နေ ပြည်သူလူထုကြီး ထိုရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများကို လျော့နည်း၊ လျော့ပေါ့သွားစေရန် ပြည်သူလူထုနှင့် အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ဖို့ လိုပါသည်။ ဥပမာ-ယာဉ်မောင်းများအနေနှင့် လူကူးမျဉ်း ကျားအနီး၊ မီးပွိုင့်များအနီး၊ သင်္ဘောဆိပ်များ၊ မီးရထားဘူတာရုံများအနီး၊ လူစည်ကားသည့်ဈေးများ၊ ကျောင်းများအနီးတွင် ခရီးသည်အတင်အချကို အချိန်ကြာမြင့်စွာလုပ်နေခြင်း၊ အငှားယာဉ် (Taxi) များအနေနှင့် ထိုနေရာများတွင် ခရီးသည်ရရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခြင်း စသည်တို့ ကင်းဝေးပပျောက်သွားစေရန် CCTV ကင်မရာများကို လုံလုံလောက်လောက် အသုံးပြုကာ မှတ်တမ်းတင်စေပြီး ကျူးလွန်သူများကို ပညာပေးကာလများကန့်သတ်၍ အရေးယူအပြစ်ပေးခြင်းများကို ပြုလုပ်သင့်ပါတယ်။

ပုံမှန် ညာဘက်ယာဉ်ကြောမှ မောင်းနှင်နေသောကားများကို ကွေ့ကြောပေးလိုပါက ညာဘက်လမ်းများရှိရာဘက်သို့သာ ကွေ့ကြောပေးသင့်ပါသည်။ အကယ်၍ ညာဘက်ယာဉ်ကြောအတိုင်း မောင်းလာနေသော ကားတစ်စီးသည် အကြောင်းကြီးငယ်ကိစ္စ တစ်စုံတစ်ခုကြောင့် ဘယ်ဘက်အခြမ်းရှိလမ်းချိုးများကို ချိုးကွေ့လိုက်လျှင် နောက်မှ ကပ်ပါလာသော ကားနှင့်ဖြစ်စေ၊ မျက်နှာချင်းဆိုင်ယာဉ်ကြောမှ မောင်းလာသော ကားနှင့်ဖြစ်စေ၊ ရှောင်တိမ်းကျော်ဖြတ်ရင်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ကြိမ်ဖန်များစွာ ဖြစ်နေစေပါသည်။ ထို့ကြောင့် နှစ်လမ်းမောင်းစနစ် ခွင့်ပြုထားသည့်ယာဉ်ကြော၌ ကွေ့ကြောကို ညာဘက်အခြမ်းရှိ လမ်းတို၊ လမ်းရှည်များအတွက်သာ ရည်ရွယ်၍ ညာဘက်ကွေ့ကြော မောင်းနှင်သည့်စနစ်ကို ကျင့်သုံးသင့်ပါသည်။

ထို့အပြင် ခရီးသွားလူထုများ၊ အသွားအလာကျဲသည့်၊ အသွားအလာ နည်းသည့်ယာဉ်ကြောများရှိရာဘက်တွင် တစ်လမ်းမောင်းစနစ်ယာဉ်ကြောကို သတ်မှတ်သင့်ပါသည်။ အဝိုင်းပတ်လမ်းများရှိရာနေရာမျိုးတွင် မီးပွိုင့်များထားခြင်းသည် ယာဉ်အသွားအလာကို ပို၍ထူထပ်များပြားစေပြီး ယာဉ်ကြောပိတ်ဆို့မှုကို ဖန်တီးပေးသလို ဖြစ်စေပါသည်။

ရုံးချိန်၊ ကျောင်းတက် ကျောင်းဆင်းချိန်များတွင် ပင်မလမ်းမကြီး (Main Road) များပေါ်တွင် ရပ်တန့်နေသောကားမှန်သမျှကို အချိန်တို အကန့်အသတ်တစ်ခုပေးကာ ခွင့်ပြုပေးပြီး သတ်မှတ်ချိန်ကျော်လွန်သွားပါက Video Camera များဖြင့်ပါ မှတ်တမ်းတင်စေပြီး ကျူးလွန်သူများကို အရေးယူအပြစ်ပေးသင့်ပါသည်။

မည်သို့ပင်ဆိုစေ ရန်ကုန်မြို့နေပြည်သူအများစုကြီးသည် YBS ယာဉ်များကိုသာ အားကိုးပြီး စီးနေရသူများဖြစ်၍ စာရေးသူအကြံပြုသည့်အတိုင်း တိတိကျကျ လုပ်ဆောင်နိုင်ပါက ယာဉ်ကြောပိတ်ဆို့မှုများသည် အတိုင်းအတာတစ်ခုထိ လွယ်ကူပြေလည်သွားမည်ကို ထင်မြင်မိပါကြောင်း အကြံပြုလိုပါသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က YBS ယာဉ်လုပ်သားများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်မှုနှင့် သတ်မှတ်ထားသည့်စည်းကမ်းများ၊ မလိုက်နာခြင်းများကို YBS Complain Centre၊ ဖုန်း ဝ၉၄၄၉၂၁၆၅၇၈ ကို ဆက်သွယ်တိုင်ကြားနိုင်ခြင်းသည်လည်း ယာဉ်ကြောပိတ်ဆို့မှုကို ကူညီဖြေရှင်းပေးရာတွင် အပေါင်းလက္ခဏာဆောင်သော လုပ်ဆောင်ချက်တစ်မျိုးပင် ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ ပျက်စီးနေသော စိတ်ဓာတ်များ၊ အကျင့်စရိုက်များကို အများပြည်သူလူထုအကျိုးကိုမျှော်ကိုး၍ မိမိတို့ကိုယ်တိုင်ကစတင်ပြီး နည်းမှန် လမ်းမှန်ပြုပြင်ကြပြီး အခက်အခဲဟူသရွေ့ကို ဝိုင်းဝန်းဖြေရှင်းကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။

ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ် R.I.T)