News

POST TYPE

LOCAL

Pickup ယာဉ်များ အပ်ပါက လူစီးယာဉ် ပြန်သွင်းခွင့် မပြုတော့
28-Jul-2016 tagged as ယာဉ်

ရန်ကုန်၊ ဇူလိုင် ၂၇

Pickup မော်တော်ယာဉ်များကို ယာဉ်အိုယာဉ်ဟောင်း အစားထိုးယာဉ်အဖြစ် အပ်နှံမည် ဆိုပါက လူစီးယာဉ် ပြန်လည်တင်သွင်းခွင့် မပြုတော့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) က ထုတ်ပြန်သည်။ 

ယင်းအမျိုးအစား မော်တော်ယာဉ်များ အပ်နှံမည် ဆိုပါက လုပ်ငန်းသုံး ယာဉ်များသာ ပြန်လည်တင်သွင်းခွင့် ပြုတော့မည် ဖြစ်ပြီး ထိုယာဉ်များအပ်၍ စလစ်ထုတ်ယူရာတွင် တိုက်ကြေနှင့် သက်တမ်းလွန်ယာဉ် အပ်နှံမှုနှစ်မျိုးလုံးကို လူစီးယာဉ် ပြန်လည်တင်သွင်းခွင့် မပြုတော့ ခြင်းဖြစ်ကြောင်း ကညနထံမှ သိရသည်။ 

“မနေ့ (ဇူလိုင် ၂၆ ရက်) က ရုံးစာ ထုတ်တယ်လေ။ Pickup အပ်ရင် Pickup ပဲ ပြန်သွင်းရမယ်” ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။ 

ထို့ကြောင့် စလစ်ဈေးနှုန်းများ မြင့်တက်၍ စလစ်ကပ် မော်တော်ယာဉ် ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ကြောင်း၊ လက်ရှိ Pickup မော်တော်ယာဉ် ဝယ်ယူထားပြီးသူများနှင့် ယင်းမော်တော်ယာဉ် အမျိုးအစား ယာဉ်အိုယာဉ်ဟောင်း လက်ဝယ်ရှိသူများ အတွက်လည်း နစ်နာမှုနိုင်ကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက ပြောကြားသည်။ 

“ဘာမှကြိုတင်ပြောဆိုမှု မရှိဘဲ လုပ်လိုက်တဲ့အတွက် ဆိုးကျိုးဖြစ်လာနိုင်ပါတယ်။ အမှန်တကယ်တော့ ဒါက ကြိုတင်ကြေညာသင့်တာပေါ့” ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဆိုသည်။

ယင်းကဲ့သို့ ပြုလုပ်မည် ဆိုပါက Pickup အမျိုးအစား ယာဉ်အိုယာဉ်ဟောင်းတစ်စီး အပ်သော်လည်း အသုံးမလိုသည့် လုပ်ငန်းသုံး ယာဉ်စလစ် ထုတ်ပေးမည် ဆိုခြင်းသည် မိမိအပ်မည့် မော်တော်ယာဉ်မှာ သုံးမရသည့် မော်တော်ယာဉ်တစ်စီး ဖြစ်သွားမည် ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင် ဦးထွဋ်ထိပ်က ဝေဖန်ပြောဆိုသည်။ 
“ဒါမဖြစ်သင့်ဘူးလို့ပဲ မြင်ပါတယ်။ လုပ်ငန်းသုံး ယာဉ်တွေက အရင်ကတည်းက စလစ်မလိုဘဲ Free Permit အနေနဲ့ တင်သွင်းခွင့် ရှိနေတာလေ” ဟု ၎င်းက ဆိုသည်။ 

ထိုသို့ ပိတ်ပင်လိုက်ခြင်းမှာ တိုက်ကြေစလစ်များ လိမ်လည်ထုတ်ယူနေမှုများကြောင့် ဖြစ်နိုင်ကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက ပြောကြားသည်။

Pickup မော်တော်ယာဉ်များကို ၂၀၁၄ ခုနှစ် အတွင်းမှ စတင်၍ လုပ်ငန်းသုံး ယာဉ်အမျိုးအစား အတွင်းသို့ ထည့်သွင်းထားခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံခွင့်ကိုပါ ထပ်မံ ကန့်သတ်လိုက်ခြင်း ဖြစ်သည်။