News

POST TYPE

LOCAL

ကုန်းတွင်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်း ဒေသများ မိုးပိုမည်
28-Jul-2016

ရန်ကုန်၊ ဇူလိုင် ၂၈

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း မီရီနယ် (Mirinae) ၏ အရှိန်ကြောင့် မုတ်သုံလေအားစနစ် ပြန်လည်ကောင်းလာနိုင်ပြီး မြန်မာနိုင်ငံတောင်ပိုင်း ဒေသများတွင် မိုးပြန်ပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

အဆိုပါ မုန်တိုင်းသည် ယနေ့ (ဇူလိုင် ၂၈ ရက်) တွင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ ယင်းသို့ ဗီယက်နမ်မြောက်ပိုင်းမှ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်သည့် မုန်တိုင်းအရှိန်ကြောင့် မုတ်သုံလေ အားပြန်လည်ကောင်းလာနိုင်ပြီး မွန်-တနင်္သာရီ ကမ်းရိုးတန်း ဒေသများတွင် မိုးအားကောင်းလာနိုင်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။
“မုန်တိုင်းအရှိန်ကြောင့် မုတ်သုံလေစနစ် အင်အားတိုးလာမယ့်ဘက်ကို ဦးတည်နေတယ်။ ဒါကြောင့် လာမယ့် သုံးလေးရက် အတွင်းမှာ ကမ်းရိုးတန်းဒေသတွေမှာ မိုးအားပိုလာမယ်” ဟု ဦးကျော်လွင်ဦးက ဆိုသည်။

အပူပိုင်းမုန်တိုင်း (Mirinae) သည် ကုန်းတွင်းမုန်တိုင်း အဆင့်သို့ ရောက်ရှိနေပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားရာတွင် မုန်တိုင်းအကြွင်းအကျန် အရှိန်ကြောင့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ကမ်းရိုးတန်းဒေသများတွင် မိုးထစ်ချုန်း ရွာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ထို့ပြင် မုန်တိုင်းအကြွင်းအကျန်များ (သို့မဟုတ်) အရှေ့လေပွေလှိုင်းများ အရှိန်ကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်း ဒေသနှင့် အလယ်ပိုင်း ဒေသတို့တွင် မိုးရွာသွန်းနိုင်ကြောင်း၊ အဆိုပါ လေပွေလှိုင်းများသည် ဘင်္ဂလားပင်လယ်အော် အတွင်းသို့ ရောက်ရှိပါက မုန်တိုင်းပြန်ဖြစ်စေပြီး မုတ်သုံအား ကောင်းစေခြင်းကြောင့် မြန်မာ့ကမ်းရိုးတန်း ဒေသများကို မိုးပိုလာစေကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။