News

POST TYPE

LOCAL

အုတ်တွင်းရှိ စစ်တောင်းမြစ်ကမ်းပြို၍ ရွာသုံးရွာ ရွှေ့ရမည့်အရေးနှင့်ကြုံ
20-Dec-2018

တောင်ငူ၊ ဒီဇင်ဘာ ၁၉

ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ဝါးတီးကျေးရွာအုပ်စုရှိ ဝါးတီးရွာအပါအဝင် ကျေးရွာသုံးရွာတွင် ယခုနှစ် နိုဝင်ဘာလခန့်မှစတင်၍ စစ်တောင်းမြစ်ကမ်းပြိုကျမှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် လူနေအိမ်များ ပြောင်းရွှေ့ရမည့်အရေးနှင့် ကြုံတွေ့နေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ယင်းကျေးရွာများတွင် စစ်တောင်းမြစ်ရေသည် ကွေ့ဝိုက်စီးဆင်းနေ၍ ကမ်းပြိုမှုများဖြစ်ပေါ်နေသည့်အတွက် အခြားတစ်ဖက်ကမ်းရှိ ကျေးရွာများတွင် သောင်ထွန်းမှုများ ဖြစ်ပေါ်နေကြောင်း၊ ကမ်းပါးပြိုကျမှုသည် မိုးရာသီနှောင်းပိုင်းတွင် ပိုမိုဆိုးရွားလေ့ရှိကြောင်း ဒေသခံကျေးရွာသားများက ဆိုသည်။

“မနှစ်ကလည်း နေအိမ်နှစ်လုံး ရွှေ့လိုက်ရပြီးပြီ။ ဟိုးအရင်ကလည်း ကမ်းပါးပြိုတဲ့အထဲပါသွားတဲ့နေအိမ် မနည်းဘူး။ ပြောမယ်ဆို ရွာဟောင်းက အခုမြစ်ကမ်းတစ်ဖက် ကိုက်တစ်ရာ၊ နှစ်ရာလောက်မှာ ရှိတယ်”ဟု ဝါးတီးကျေးရွာဒေသခံတစ်ဦးက ပြောကြားသည်။

ကမ်းပါးပြိုကျနေခြင်းသည် နှစ်စဉ် ရင်ဆိုင်နေရသည့် အခက်အခဲတစ်ခုဖြစ်ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့က ပဲခူးတိုင်း သယံဇာတ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းနှင့် အုတ်တွင်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းလွှတ်တော် ကိုယ်စားလှယ်များ လာရောက် ကြည့်ရှုသွားပြီး ရေတိုရေရှည်နည်း လမ်းများဖြင့် ပြုပြင်ဆောင်ရွက်ပေးသွားမည်ဟု ကတိပြုခဲ့သော်လည်း မည်သည့်ရန်ပုံငွေနှင့် မည်မျှအကုန်ကျခံ ဆောင်ရွက်မည်ဆိုသည်ကို မပြောကြားခဲ့ကြောင်း ဝါးတီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်သောင်းက ပြောကြားသည်။

“ဒီနေ့ပဲ ဝါးတီးရွာအဝင်နားကနေ ရွာရဲ့တောင်ပိုင်း ဘောလုံးကွင်းနားထိ ကမ်းပါးလမ်းကို အန္တရာယ်ရှိ အမှတ်အသားပြပြီး ပိတ်ထားလိုက်တယ်။ ရွာလယ်လမ်းဘက်က သွားလာခိုင်းထားတယ်”ဟု ၎င်းကပြောဆိုသည်။

စစ်တောင်းမြစ် မြစ်ကြောင်းကွေ့ကောက်နေသည့် တောင်ငူနှင့် အုတ်တွင်းမြို့နယ်များရှိ ကျေးရွာအချို့တွင် မြစ်ကမ်းပါးပြိုကျမှုပြဿနာနှင့် ရင်ဆိုင်နေရပြီး လူနေအိမ်ခြေများသာမက စိုက်ခင်းသီးနှံများပါ ဆုံးရှုံးနေရသည့်အတွက် မြစ်ကမ်းပါးပြိုကျမှုကို ကာကွယ်ပေးရာတွင် ရေရှည်တည်တံ့မည့် နည်းလမ်းများဖြင့်သာ ပြုလုပ်ပေးစေလိုကြောင်း ချောင်းနားရွာမှ ဦးသိန်းမင်းက မှတ်ချက်ပြုပြောကြားသည်။

အုတ်တွင်းမြို့နယ် ဝါးတီးကျေးရွာ အုပ်စုအနီးတွင် စစ်တောင်းမြစ်ကမ်း ပြိုကျမှုများနှင့်ပတ်သက်ပြီး ရေတိုနည်းလမ်းများ သာမက ရေရှည်တည်တံ့အောင် မြစ်ကမ်းဖြောင့်ခြင်း လုပ်ငန်းများကိုလည်း စနစ်တကျ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးက ပြောကြားသည်။

အုတ်တွင်းမြို့နယ် ဝါးတီးကျေးရွာအုပ်စု ဝါးတီး၊ ဘန်ဘွေးနှင့် ချောင်းနားကျေးရွာများတွင် အိမ်ခြေ ၉၀၀ ကျော်၊ လူဦးရေ ၄၅၀၀ ခန့်နေထိုင်ပြီး ကိုင်းသီးနှံ လုပ်ငန်းများဖြစ်ကြသည့် ပန်းမုန်လာ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီတို့ကို အဓိကစိုက်ပျိုး လုပ်ကိုင် အသက်မွေးနေကြကြောင်း ဒေသခံများထံမှ သိရသည်။

R-15