News

POST TYPE

LOCAL

လူသတ်မှု မမျှမတ အမိန့်ချခံရသည်ဆိုကာ နိုင်ငံတော်အတိုင်ပင်ခံနှင့် သမ္မတတို့ထံတိုင်
20-Dec-2018
ပုသိမ်၊ ဒီဇင်ဘာ ၁၉

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ကြက်တူရွေးကျေးရွာတွင် လူသတ်မှုကျူးလွန်ခြင်းမရှိဘဲ ပုသိမ်ခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်သဖြင့် တရားမျှတမှုအတွက် ကူညီဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တိုင်ကြားထားကြောင်း ထောင်ချခံရသူ၏အဖေ ဦးစိုးမြင့်က ပြောကြားသည်။

ယင်းကျေးရွာနေ ဦးစိုးမြင့်က ၎င်း၏သားဖြစ်သူ ကိုစိုးလင်းအောင် (ခေါ်) လိပ်ဘိုးဘိုး (၃၀ နှစ်)သည် ဆံရှည် (ခေါ်) မိုးဆွေကို သတ်ခဲ့သူ မြမင်းနှင့် အခင်းဖြစ်ပွားစဉ်ကအတူရှိခဲ့၍ ပုသိမ်ခရိုင်တရားရုံးမှ မြမင်းနှင့်အတူ ကိုစိုးလင်းအောင်ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခြင်းပေါ် မကျေနပ်သဖြင့် ဒီဇင်ဘာလ ၁၈ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ ဖခင်ဖြစ်သူ ဦးစိုးမြင့်က ပြောကြားခြင်းဖြစ်သည်။

“လူသတ်မှုကျူးလွန်တဲ့ မြမင်းက တရားရုံးနဲ့ ရဲစခန်းဖြောင့်ချက်မှာ ကျွန်တော့်သား စိုးလင်းအောင် မသတ်ကြောင်း ထွက်ဆိုထားပါတယ်။ ပြီးတော့ ကျွန်တော့်သားက ဒီလူသတ်မှုကို ရွာအုပ်ချုပ်ရေးမှူးနဲ့ ဆက်သွယ်ပြီး ဖော်ထုတ်ခဲ့တာပါ။ ခုလို အမိန့်ချလိုက်တော့ သားကို မှီခိုနေရတဲ့မိဘနှစ်ပါးမှာ အင်မတန် နစ်နာရပါတယ်။ ငွေမတတ်နိုင်လို့ထောင် ၁၀ နှစ်ချတာလို့ သံသယဖြစ်တယ်”ဟု အသက် ၇၄ နှစ်ရှိ ဖခင်ဖြစ်သူ ဦးစိုးမြင့်က ပြောဆိုသည်။

ရှေ့နေခ ကျပ် ၁၁ သိန်းပေးခဲ့ပြီးဖြစ်သော်လည်း အမိန့်ချမည့် နေ့ရက်မတိုင်မီက တရားသူကြီး၊ ရုံးနှင့် ရဲကိုပေးရန် ငွေ ကျပ်သိန်း ၂၀ ရှေ့နေကတောင်းခဲ့ကြောင်း၊ ၎င်းထံတွင် ငွေမရှိတော့၍ မတတ်နိုင်တော့ ကြောင်းပြောရာ တတ်နိုင်သရွေ့ပေးပါရန် ပြောသဖြင့် ငွေ ၃ သိန်းပေးခဲ့ကြောင်း၊ သို့သော် အဓိကတရားခံနှင့်အတူ ထောင် ၁၀ နှစ် အတူကျသဖြင့် ငွေပေးသည်မှာ နည်းသွား၍လားဟု ရှေ့နေကိုမေးရာ ရှေ့နေက ငွေ ၃ သိန်းပြန်ပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သေဆုံးသူ ဆံရှည် (ခေါ်) မိုးဆွေ၏ ဒဏ်ရာများမှာ အပြန်အလှန်ရန်ဖြစ်၍ ရရှိသောဒဏ်ရာများဖြစ်သည်ဟု ပေါ်ပေါက်ကြောင်း၊ အခင်းဖြစ်ပြီးနောက် ကျူးလွန်သူများ ထွက်ပြေးတိမ်းရှောင်နေပြီး ပြန်လည်ဖမ်းဆီးရမိကြောင်း၊ တရားခံများ အပြစ်ကင်းစင်ကြောင်း တရားခံများဘက်မှ ထောက်ခံထွက်ဆိုသူမရှိကြောင်း ထို့ကြောင့် ၎င်းတို့အပေါ် စွဲချက်တင်ထားသည့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အပြစ်ပေးရန် လုံလောက်ကြောင်း ပုသိမ်ခရိုင် တရားရုံး အမိန့်စာတွင် ဖော်ပြထားသည်။

“စိုးလင်းအောင်က မြမင်းတို့ ထွက်ပြေးတဲ့နောက်ပါသွားတယ်။ နောက်သူက ကျွန်တော့်ကိုဆက်သွယ်ပြီး ရဲနဲ့ ချိတ်ဆက်ပေးပါ။ လူသတ်တဲ့သူ အခြားကို ထွက်ပြေးတော့မယ်ဆိုလို့ ရဲကို ဆက်သွယ်ပြီး စိုးလင်းအောင် ဖော်ထုတ်လို့ တရားခံကိုဖမ်းမိတာပါ။ ဘယ်သူ သတ်တယ်ဆိုတာ ကျွန်တော်မှမမြင်တာ ဘယ်သိပါ့မလဲ။ ဒါပေမဲ့ မြမင်းက သူသတ်တာပါ။ စိုးလင်းအောင် သတ်တာမဟုတ်ဘူး။ တရားရုံးမှာရော ရဲမှာရော ပြောထားတယ်။ ခုစိုးလင်းအောင်ပါ မြမင်းနဲ့ ထောင်ဒဏ် အတူတူဆိုတော့ တရားဥပဒေအပေါ် နားလည်ရခက်နေပြီ”ဟု စိုးလင်းအောင်၏ တရားလိုပြသက်သေ ကြက်တူရွေးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်စိုးကဆိုသည်။

ယင်းအမှုမှာ ၂၀၁၇ ခုနှစ် မေလအတွင်းက ဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာတတိယပတ်အတွင်းက အမိန့်ချမှတ်ခဲ့ကာ ယင်းအမိန့်အတွက် အယူခံဝင်ခွင့်ကို နိုဝင်ဘာနောက်ဆုံးပတ်အတွင်းက ဧရာဝတီတိုင်း တရားလွှတ်တော်သို့ လျှောက်ထားခဲ့ကြောင်း စိုးလင်းအောင်ဖခင် ဦးစိုးမြင့်ထံမှ သိရသည်။

“အမှုသည်ရဲ့ အခွင့်အရေးအရ တိုင်းတရားလွှတ်တော်ကို အယူခံလျှောက်လဲ ချက်တင်ပြီးပါပြီ။ အဆုံးအဖြတ်က တရားသူကြီး ဆုံးဖြတ်မှာပါ။ ဆုံးဖြတ်ချက် မချသေးပါဘူး”ဟု စိုးလင်းအောင်၏ရှေ့နေ ဒေါ်ယုယုအောင်က ပြောဆိုသည်။

R-12