News

POST TYPE

LOCAL

စစ်တွေ၌ စရဖတပ်ဖွဲ့ဝင်ပစ်သတ်ခံရမှု သံသယရှိသူကို ရန်ကုန်တွင်ဖမ်းမိ
16-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ရခိုင်ပြည် စစ်တွေမြို့လယ်ခေါင်တွင် စရဖ တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံမှုနှင့်ပတ်သက်ပြီး သံသယရှိနေသော အမျိုးသားတစ်ဦးကို ဒီဇင်ဘာလ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဖမ်းဆီးခံရသူ အသက် ၃၄ နှစ် ရဲကျော် (ခ) ရဲကျော်သူမှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ၁၂၄ လမ်းတွင် နေထိုင်သူဖြစ်ပြီး ဒီဇင်ဘာလ ၁၅ ရက်က တိုင်းရင်းသားကျေးရွာရှိ ပြည်ထောင်စုခန်းမတွင် ကျင်းပပြုလုပ်သော (၄၄) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့သို့လာရောက်စဉ် သာကေတနယ်မြေ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရဲကျော်(ခ)ရဲကျော်သူမှာ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ တပ်ကြပ် ဖိုးလုံး (ခ)ဝင်းထိုက် သေနတ်နှင့် ပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးရန် သတင်းရဲတပ်ဖွဲ့နှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ သတင်းပေးပို့ထားသူဖြစ်သောကြောင့် သာကေတနယ်မြေ ရဲတပ်ဖွဲ့က ၎င်းကို ဖမ်းဆီးခဲ့ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မှုခင်းရဲတပ်ဖွဲ့နှင့်ချိတ်ဆက်၍ ယင်းအမှုကို ကိုင်တွယ်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ တပ်ကြပ် ဖိုးလုံး (ခ) ဝင်းထိုက်မှာ ယခုနှစ် စက်တင်ဘာ ၂၅ ရက် ညပိုင်းက စစ်တွေမြို့လယ်တွင် အမည်မသိ အမျိုးသားတစ်ဦးက အနီးကပ် သေနတ်နှင့်ပစ်သတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့က တက္ကသိုလ် ကျောင်းသားနှစ်ဦး အပါအဝင် မသင်္ကာသူရှစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့သော်လည်း ပြစ်မှုကျူးလွန်ကြောင်း မပေါ်ပေါက်သဖြင့် ပြန်လွှတ်ပေးခဲ့ရပြီးနောက် ယင်းအမှုမှ သံသယရှိသူ ရဲကျော်သူကို ရန်ကုန်တွင် ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

S-03