News

POST TYPE

LOCAL

ရန်ကုန်တွင် မုဒိမ်းမှု ဖြစ်ပွားမှု တိုး
13-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၁၂

လူဦးရေထူထပ်လှသည့် ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လအတွင်း မုဒိမ်းမှုပေါင်း ၂၇၆ မှုဖြစ်ပွားခဲ့သောကြောင့် ယခင်နှစ် မုဒိမ်းမှုဖြစ်စဉ်များထက် ယခုနှစ်မှာ စံချိန်မြင့်တက်လာခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

၂၀၁၆ ခုနှစ်က မုဒိမ်းမှုဖြစ်စဉ် ၂၂၉ မှု၊ ၂၀၁၇ ခုနှစ်က မုဒိမ်းမှုဖြစ်စဉ် ၂၇၀ မှုဖြစ်ပွားခဲ့ပြီး ယခုနှစ်တွင် နှစ်မကုန်မီ ၁၁ လအတွင်း မုဒိမ်းမှုပေါင်း ၂၇၆ မှုအထိ ဖြစ်ပွားခဲ့ရာ ကိန်းဂဏန်းများအရ တစ်လလျှင် အမျိုးသမီး ၂၅ ဦးခန့်မှာ အလိုမတူ သားမယားအဖြစ် ပြုကျင့်ခံနေရသည်။

ယခုနှစ် ၁၁ လအတွင်း ရန်ကုန်မြောက်ပိုင်းခရိုင်တွင် မုဒိမ်းမှု ၁၃၂ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး အရှေ့ပိုင်းခရိုင်တွင် ၈၇ မှု၊ တောင်ပိုင်းခရိုင်တွင် ၄၀ မှုနှင့် အနောက်ပိုင်းခရိုင်တွင် ၁၃ မှုဖြစ်ပွားခဲ့ရာ၌ ရဲတပ်ဖွဲ့က မုဒိမ်းမှုဖြင့် အမှုဖွင့် အရေးယူပေးပါရန် တိုင်ကြားခံရသည့် အမျိုးသား ၂၀၀ ဦးကျော်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုများတွင် အရွယ်မရောက်သေးသည့် မိန်းကလေးနှင့် ချစ်ကြိုက်၍ ခိုးယူပေါင်းသင်းခဲ့သော အမျိုးသားများကို မိန်းကလေး၏ အုပ်ထိန်းသူဘက်မှ မုဒိမ်းမှုဖြင့် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခံရသည့် ဖြစ်စဉ်အများစု ပါဝင်နေပြီး အချို့မှာသက်ဆိုင်ရာခရိုင်တရားရုံး များတွင် အမှုစစ်ဆေးပြီး နှစ်ရှည်ထောင် ဒဏ်များကျခံစေရန် အမိန့်ချထာပြီးဖြစ်သည်။

S-03