News

POST TYPE

LOCAL

မင်းလှ၌ တရားမဝင် ဘင်္ဂါလီ ၁၁ ဦးဖမ်းမိ
28-Nov-2018

ချောက်၊ နိုဝင်ဘာ ၂၈

မကွေးတိုင်း မင်းလှမြို့နယ် မီးလောင်ကုန်းကျေးရွာ အနောက်ဘက် ၃ မိုင်ခန့်အကွာ ဆားတွင်းကွင်း (ဒေသအခေါ်) တောအတွင်း၌ နိုဝင်ဘာလ ၂၇ ရက် ည ၁၂ နာရီခန့်က တရားမဝင် ဘင်္ဂါလီအမျိုးသား ၁၀ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖမ်းဆီးရမိခဲ့ကြောင်း မင်းလှမြို့မရဲစခန်းထံမှသိရသည်။

၎င်းတို့ကို စစ်ဆေးမေးမြန်းရာ လွန်ခဲ့သော ၁၅ ရက်ခန့်က ရခိုင်ပြည်နယ်ဘက်မှ ထွက်လာခဲ့ပြီး ရန်ကုန်မြို့သို့ သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု ရဲမှတ်တမ်းအရ သိရသည်။

ဖမ်းမိသူများမှာ မြောက်ဦးမြို့နယ် ပါးရိန်ကျေးရွာနေ ရှိဘူလာ (ခ) လှမောင်(၂၉ နှစ်)နှင့် ရှိဘီဟူးဆင် (ခ) ရွှေမောင်သိန်း (၂၇ နှစ်)၊ မင်းပြားမြို့နယ် လက်မကျေးရွာနေ နိုရိုမာဟာမောက် (၂၄ နှစ်)၊ မူဟာမွတ်ဟူးဆင် (၂၂ နှစ်) နှင့် မူဟာမွတ်စာတစ် (၂၄ နှစ်)၊ သာဒီကျေးရွာနေ အဒူမာလစ် (ခ) လှမောင်သိန်း (၄၅ နှစ်)နှင့် မော်နီရာမော့ (ခ) ရွှေလှမောင် (၁၄ နှစ်)တို့ဖြစ်သည်။

ထို့ပြင် နော်နော်ကျေးရွာနေ အဒူရာဟမင်း (ခ) အောင်ကျော်သိန်း (၁၃ နှစ်)၊ နဂါရာပေါက်တောကျေးရွာနေ ဖိုက်ဒူရာ (ခ) မောင်လှမြင့်(၁၄ နှစ်)၊ မဆာဒတ်ကာ (ခ) မလှစိန် (၁၉ နှစ်)နှင့် ဆိုတလူဘော်ချော (ခ) မောင်သိန်းရွှေ (၄ နှစ်)တို့ကို ဖမ်းဆီးရမိကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

“ဖမ်းဆီးရမိ သူတွေကို လဝက က လဝက ဥပဒေနဲ့ တရားရုံးမှာ ဦးတိုက်လျှောက်မှာ။ ဖမ်းဆီးမိတဲ့အထဲမှာ ၄ နှစ်သား ကလေးငယ်ပါတော့ ကျန် ၁၀ ဦးကို တရားရုံးမှာ ဦးတိုက်လျှောက်မှာပါ”ဟု မင်းလှမြို့မရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်းက ပြောဆိုသည်။

ယခုနှစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ မင်းလှမြို့နယ်အတွင်း၌ တရားမဝင် ဘင်္ဂါလီ ၁၃၁ ဦး ဖမ်းဆီးမိထားကြောင်း ၎င်းကဆိုသည်။

R-24/23