News

POST TYPE

LOCAL

ရန်ကုန်မှပြန်ပို့လိုက်သည့် ဘင်္ဂါလီ ၁၀၀ကျော် စစ်တွေသို့ပြန်ရောက်
21-Nov-2018

စစ်တွေ၊ နိုဝင်ဘာ ၂၁

ရန်ကုန်မြို့ ကျောက်တန်းမြို့နယ် သံတဲရွာအနီး ရန်ကုန်မြစ်ဝတွင် ဖမ်းမိခဲ့သည့် ဘင်္ဂါလီ ၁၀၀ ကျော်ကို စစ်ရေယာဉ်ဖြင့် ရန်ကုန်မှစစ်တွေသို့ နိုဝင်ဘာ ၁၈ ရက်က ပြန်ပို့ရာ ယနေ့ (နိုဝင်ဘာ ၂၁ ရက်) နံနက်ပိုင်းက စစ်တွေသို့ ရောက်ရှိလာပြီဖြစ်သည်။

အဆိုပါ ဘင်္ဂါလီ ၁၀၆ ဦးသည် စစ်တွေမြို့နယ်အတွင်းရှိ သဲချောင်း၊ သက္ကယ်ပြင်၊ ဘောဒူဘ၊ အုန်းတောကြီး၊ ဒါးပိုင်၊ ရာဘာကွင်း စသည့်ကျေးရွာများနှင့် ပေါက်တောမြို့နယ်ရှိ ဒုက္ခသည်စခန်းတို့တွင် နေထိုင်ကြသူများဖြစ်သည်။

သဲချောင်းရွာမှ အာဒူနီက “ဒီမှာ(ရခိုင်) အထောက်အပံ့ပေးတာနဲ့ မလုံလောက်တော့ စားဝတ်နေရေး အဆင်မပြေဘူး။ ကျွန်တော်တို့နဲ့ ဘာသာတူ၊ လူမျိုးတူတွေ ရှိတဲ့နေရာမှာ အလုပ်လုပ်ဖို့ ထွက်သွားကြတာ”ဟု ပြောကြားသည်။

၎င်းတို့သည် ရခိုင်မှ မလေးရှားသို့ ရေကြောင်းခရီးအတိုင်း အသွားလမ်းတွင် ဆီပြတ်သဖြင့် ရန်ကုန်မြို့တွင်ဆိုက်ကပ်ခဲ့ရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ စစ်တွေမှထွက်သွားကြသည်မှာ တစ်လကျော် ကြာပြီဖြစ်ကြောင်း သဲချောင်းရွာသားများထံမှ သိရသည်။

၎င်းတို့ကို အခကြေးငွေယူပြီး တရားမဝင် ပို့ဆောင်သူ နှစ်ဦးကိုမူ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇ ဖြင့် ပေါက်တောမြို့မရဲစခန်းတွင် ဖမ်းဆီးအရေးယူထားသည်။ လတ်တလောတွင် ၁၀၆ ဦးကို သဲချောင်းရွာတွင် ယာယီနေရာချထားပြီး မည်သို့ ဆက်လုပ်မည်ကို အစိုးရက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ 

R-22