News

POST TYPE

LOCAL

ထားဝယ်တွင် လမ်းဘေးအရက်သောက်နေသူ လူ ၃၀ ခန့်ကို ခံဝန်ထိုးခိုင်း
21-Nov-2018
ထားဝယ်၊ နိုဝင်ဘာ ၂၀

ထားဝယ်မြို့အတွင်း အများပြည်သူ သွားလာသည့်နေရာများနှင့် လမ်းဘေးတွင် အရက်သောက်ပါက ခံဝန်ထိုးခိုင်းသည့် ပညာပေးအစီအစဉ်ကို နိုဝင်ဘာလ ဒုတိယအပတ်က စတင်လုပ်ဆောင်ရာ လက်ရှိအချိန်ထိ လူ ၃၀ ဦးခန့်ကို ခံဝန်ထိုးခိုင်းပြီးဖြစ်ကြောင်း ထားဝယ်မြို့မ ရဲစခန်းမှူးက ပြောသည်။

လမ်းဘေးနှင့် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် အရက်၊ ဘီယာ သောက်သုံးပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် နောက်မလုပ်ရန် ခံဝန်ထိုး မှတ်တမ်းတင်မည်ဖြစ်ပြီး နောက်တစ်ကြိမ် ထပ်မံသောက်သုံးပါက ယခင်ထိုးခဲ့သည့် ခံဝန်နှင့် တိုက်ဆိုင်စစ်ဆေးကာ အရေးယူမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

အထက်ပါနေရာများတွင် အရက်၊ ဘီယာ သောက်သုံးနေပါက မြို့အင်္ဂါရပ်နှင့် မလျော်ညီသည့်အပြင် သွားလာနေသည့် ပြည်သူများ မသွားရဲ မလာရဲဖြစ်ကာ တရားဥပဒေစိုးမိုးမှု မရှိသည့်ပုံစံမျိုး ဖြစ်လာမည်စိုးသည့်အတွက် ယင်းကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း စခန်းမှူးကဆိုသည်။

“နောင်မဖြစ်အောင် လက်မှတ်ထိုးပေး၊ နောက်ဆိုရင် ဒီလိုမသောက်ပါဘူးလို့၊ ဒါလေးက ပညာပေးကာလအနေနဲ့ လုပ်တာ၊ ပညာပေးကာလ ကုန်သွားပြီဆိုလို့ရှိရင် တစ်ကြိမ်က နှစ်ကြိမ်ဆိုရင်တော့ အရေးယူမှုအပိုင်းလာမှာပါ”ဟု ထားဝယ်မြို့မ စခန်းမှူးက ဆိုသည်။

လက်ရှိ အဆင့်မြှင့်ထားသည့် ထားဝယ်ကမ်းနား လမ်းနေရာတစ်ဝိုက်တွင် အရက်၊ ဘီယာ ဝိုင်းဖွဲ့သောက်စားနေမှုများ တစ်ခါတစ်ရံ တွေ့နေရပြီး ယင်း နေရာအနီးမှ ဖြတ်သွားပါက စိတ်မလုံခြုံမှုကို ခံစားရကြောင်း အဆိုပါ ကမ်းနားလမ်းတွင် နေထိုင်သည့် အသက် ၃၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

ပညာပေးကာလကို တန်ဆောင်တိုင် ပွဲတော်ပြီးသည့်အချိန်ထိ သတ်မှတ်ထားပြီး နောက်ပိုင်းတွင် ဒေသန္တရဥပဒေဖြင့် အရေးယူတော့မည်ဖြစ်ကြောင်း စခန်းမှူးက ပြောသည်။

ယင်းအပြင် အထက်ပါနေရာများတွင် အရက်၊ ဘီယာ သောက်သုံးပြီး မူးယစ်ရမ်းကားနေမည်ဆိုပါက ရဲအက်- ၄၇ ဖြင့် အရေးယူမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရဲအက်- ၄၇ အရ ပြစ်မှုထင်ရှား ပါက ငွေဒဏ် (သို့) ထောင်ဒဏ် ၈ ရက် အထိ ချမှတ်နိုင်သည်။

Dawei Watch