News

POST TYPE

LOCAL

နှစ်ကျိပ်ရှစ်ဆူဘုရားများ ရပ်ကွက်အမည် ထားဝယ်လိုမရေးရကိစ္စ တိုင်းအစိုးရအဖွဲ့ရုံး ညွှန်မှူး ပြန်တောင်းပန်
21-Nov-2018


ထားဝယ်၊ နိုဝင်ဘာ ၂၀

တန်ဆောင်တိုင်ပွဲတော်တွင် အပူဇော်ခံမည့် ထားဝယ်နှစ်ကျိပ်ရှစ်ဆူ ဘုရားများတွင် ရပ်ကွက်အမည်ကို ထားဝယ်လို မရေးရန် တားမြစ်မိသည့်အပေါ် တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဇော်လတ်က တောင်းပန်လိုက်သည်။

ဘုရားများတွင် ထားဝယ်လို မရေးရဆိုသည့် ညွှန်ကြားချက်အပေါ် ဒေသခံများအကြား ဝေဖန်မှုမြင့်တက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကာ ယင်းကဲ့သို့ တောင်းပန်လိုက်ခြင်းဖြစ်သည်။

တိုင်းအစိုးရအဖွဲ့ရုံး၏ အကြောင်းကြားစာကို ရည်ညွှန်းကာ ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးက မြို့နယ်အတွင်းရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူးများကို ထပ်ဆင့် ညွှန်ကြားရာတွင် နှစ်ကျိပ်ရှစ်ဆူဘုရားများတွင် အသုံးပြုသည့် ရပ်ကွက်၊ ကျေးရွာအမည်များကို ပြည်ထဲရေးဌာနက ထုတ်ပြန်ထားသည့် အမည်အတိုင်းသာ သုံးနှုန်းစေရန်ဆိုသည့် အချက်အပါအဝင် အချက် ၉ ချက် ပါဝင်သည်။

“ဒီစာတစ်ပိုဒ်ဟာဆိုရင် ထားဝယ်တွေရဲ့ ရေးသားချင်တဲ့စာကို ကန့်သတ်သလိုဖြစ်သွားတဲ့အတွက် ကျွန်တော် တောင်းလည်း တောင်းပန်ပါတယ်။ ဒါဟာ ကျွန်တော့်အမှားပါလို့ ဝန်ခံချင်ပါတယ်”ဟု ဦးမိုးဇော်လတ်ကဆိုသည်။

ယင်းကဲ့သို့ ညွှန်ကြားထုတ်ပြန်ခြင်းမှာ တိုင်းအစိုးရအဖွဲ့ NLD ပါတီ၏ အာဘော်မဟုတ်ကြောင်း ၎င်းကဆိုသည်။ 

အခြားဒေသမှ လာရောက်မည့် ဘုရားဖူးဧည့်သည်များအနေနှင့် ရပ်ကွက်အမည်၊ ဘုရားအမည်များကို ဖတ်ရှုနားလည်နိုင်စေရန်ရည်ရွယ်၍ စေတနာဖြင့် ညွှန်ကြားစာ ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးမိုးဇော်လတ်က ဆိုသည်။

ဒေသအခြေအနေကို မလေ့လာမိဘဲ ညွှန်ကြားစာ ထုတ်လိုက်ခြင်းကြောင့် ၎င်း၏တာဝန်သာဖြစ်သည်ဟု ဦးမိုးဇော်လတ်က ပြောသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားများတွင် ရပ်ကွက်/ ကျေးရွာအမည်များကို လွတ်လပ်စွာ သုံးစွဲရေးသားနိုင်ပြီး လက်ရှိ ညွှန်ကြားခဲ့သည့်စာကို လွှမ်းမိုးပယ်ဖျက်မည့်စာကို ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်တန်ဆောင်တိုင် ပွဲတော်တွင်အပူဇော်ခံမည့် နှစ်ကျိပ်ရှစ်ဆူဘုရားများတွင် ရပ်ကွက်အမည်ကို ထားဝယ်လိုဖြင့် ရေးလာခဲ့ကြသည်မှာ ဆယ်နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း ရပ်/ကျေး ဂေါပကအချို့ထံမှ သိရသည်။

ထားဝယ်ဒေသ၏ အထင်ကရ ပွဲတော်တစ်ခုအတွက် အမိန့်ညွှန်ကြားချက် ထုတ်မည်ဆိုပါက ဒေသအကြောင်းကို သေချာလေ့လာပြီးမှသာ ထုတ်ပြန်သင့်ကြောင်း ထားဝယ်မြို့ခံတစ်ဦးဖြစ်သူ ဦးဇေယျာကဆိုသည်။

“အခုတော့ ထားဝယ်လို မရေးရဆိုပြီး သိလိုက်ရချိန်မှာတော့ စိတ်မသက်မသာ ဖြစ်ရတယ်၊ စိတ်ထဲ ခုသွားတာပေါ့”ဟု ဦးဇေယျာကပြောသည်။

ထားဝယ်ဒေသခံ အများစုကမူ ရပ်ကွက်အမည်ကို ထားဝယ်လိုရေးရန် တားမြစ်ခြင်းထက် မြန်မာလိုနှင့် ထားဝယ်လို နှစ်မျိုးစလုံး ထည့်သွင်းဖော်ပြစေလိုကြောင်း ပြောဆိုမှုများရှိသည်။

ထားဝယ်အခြေစိုက်ပါတီတစ်ခုဖြစ်သည့် ထားဝယ်တိုင်းရင်းသားများ ပါတီကလည်း တနင်္သာရီတိုင်းအစိုးရ အဖွဲ့ရုံးနှင့် ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားစာကို အမြန်ဆုံးပြန်လည် ရုပ်သိမ်းပေးရန် နိုဝင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရား ပွဲတော်က ဒေသတွင်း အစည်ကားဆုံးပွဲတော်တစ်ခုဖြစ်ပြီး မြန်မာပြည်အနှံ့က ဘုရားဖူးများ လာရောက်လေ့ရှိသည်။

Dawei Watch