News

POST TYPE

LOCAL

ကျိုက်ထီးရိုးတောင်တက်ကားများ ထပ်တိုးပြေးဆွဲခွင့်မပြုဟု မွန်ဝန်ကြီးချုပ်ပြော
20-Nov-2018

မော်လမြိုင်၊ နိုဝင်ဘာ ၁၉

ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီ တောင်ခြေနှင့် ရင်ပြင်တော်သို့ ကင်ပွန်းစခန်းမှ ဒေသခံတောင်တက်ကားများ ပြေးဆွဲခွင့်ပေးရန် တောင်းဆိုထားသော်လည်း ခွင့်ပြုပေးမည်မဟုတ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက နိုဝင်ဘာ ၁၉ ရက်နေ့တွင် ပြောကြားသည်။

“ကျိုက်ထီးရိုးတောင်ခြေမှာရှိတဲ့ ကင်ပွန်းစခန်းနေ တောင်တက်မော်တော် ယာဉ်အစီး ၃၀ ပြေးဆွဲခွင့်ရဖို့ သူတို့ အကြောင်းကြားတယ်၊ အစိုးရက ကော်မတီတစ်ရပ်ဖွဲ့ပြီး အဲဒီလမ်းကြောင်းအတွက် စစ်ဆေးတယ်၊ ဆိုတော့ လက်ရှိသွားနေတဲ့တောင် တက်ကား ၁၅၀ နဲ့လုံလောက်တာတွေ့တယ်၊ လုပ်ငန်းကြီးတစ်ခုက ချွတ်ချော်လို့မရဘူး၊ အမှားခံလို့မရဘူး၊ ဒါကြောင့် အသစ်ထပ်မတိုးဘူး”ဟု ၎င်းကပြောဆိုသည်။

တောင်တက်ကား တိုးချဲ့ပြေးဆွဲခွင့် ရရှိရေးကိစ္စနှင့်ပတ်သက်၍ ကင်ပွန်းစခန်းရှိ ဒေသခံတောင်တက် မော်တော်ယာဉ်အဖွဲ့သည် ခွင့်ပြုချက်တောင်းခံထားခြင်းမရှိဘဲ မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့တွင်ဆန္ဒပြရန် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ညှိနှိုင်းပေးမှုဖြင့် ထိုအဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ် ခြောက်ဦးသည် ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရခဲ့ကြသည်။

“ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရတဲ့ ရလဒ်ကတော့ ဝန်ကြီးချုပ်က ကျွန်တော်တို့ကို မပေးချင်တဲ့ဆန္ဒမှာရှိတယ်။ မပေးဘူးလို့လည်း ပြောလိုက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီကား ၁၅၀ နဲ့ လုံလောက်တယ်လို့ပြောတယ်။ ကျွန်တော်တို့အထင်တော့ တစ်ဖက်ကို သူ ကာကွယ်ပေးနေတယ်လို့ပဲ ထင်တယ်၊ ဘာလို့လဲဆိုတော့ ဘုရားဖူးဘယ်လောက်များလဲ ကားလိုအပ်ချက် ဘယ်လောက်ရှိလဲဆိုတာ ကျွန်တော်တို့ပဲသိတယ်”ဟု ဒေသခံတောင်တက်ကားအဖွဲ့မှ ဦးစိုးကိုကိုမောင်က ပြောကြားသည်။

ဒေသခံတောင်တက်ကားအဖွဲ့သည် ဝန်ကြီးချုပ်နှင့်လာရောက်တွေ့ဆုံရာတွင် ကားအစီး ၂၀ နှင့် လူအင်အား ၃၀၀ ခန့်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ရာ အုံကြွမှုဖြစ်မည်စိုး၍ ကားတစ်စီးသာ မော်လမြိုင်မြို့ထဲသို့ ဝင်ခွင့်ပေးခဲ့ပြီး ကျန်ကားများနှင့် လူများကို မုတ္တမဘက်ခြမ်းတွင် ကျန်ရစ်ခဲ့ကြောင်း ၎င်းကရှင်းပြသည်။

“ကျွန်တော်တို့ဒေသမှာရှိတဲ့ အကျိုးစီးပွားကို ကျွန်တော်တို့ ဘာကြောင့် ခံစားခွင့်မရတာလဲ။ တစ်မြို့တစ်နယ်က ကျွန်တော်တို့ဒေသစီးပွားကို ချုပ်ကိုင်တားတယ်၊ ဒီကိစ္စကို ကျွန်တော်တို့ မရမချင်းဆက်လုပ်မယ်။ နေပြည်တော်ထိ တက်မယ်”ဟု ကိုစိုးကိုကိုမောင်က ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် ကျိုက်ထီးရိုးတောင်တက်ကားကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် တောင်တက်ကားအစီး ၁၅၀ ဖြင့် ပြေးဆွဲနေရာ ထိုတောင်တက်ကားသည် ပြည်နယ် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီအောက်တွင်ရှိနေသည်။

R-21