News

POST TYPE

LOCAL

ယတြာချေပေးမည်ဟုဆိုကာ ရွှေထည်ပစ္စည်းများနှင့် ငွေများ လိမ်လည်ရယူသွားသည့် အမျိုးသမီး သုံးဦးကို အမှုဖွင့်
12-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၁၁

မိသားစုတွင် အသက်အန္တရာယ်ရှိနေ၍ ယတြာချေပေးမည်ဟုပြောဆိုပြီး ကျပ်သိန်း ၇၂၀ ကျော်ရှိ ရွှေထည်ပစ္စည်းများနှင့် အမေရိကန်ဒေါ်လာများ လိမ်လည်ရယူသွားသော အမျိုးသမီးသုံးဦးကို ပန်းဘဲတန်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

လိမ်လည်ခံရသူ တရုတ်အမျိုးသမီးမှာ လမ်းမတော်မြို့နယ်ရှိ အနော်ရထာလမ်းတွင် နေထိုင်သူဖြစ်ပြီး နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းက လသာမြို့နယ်အတွင်း ဈေးဝယ်ပြီး ၎င်း၏နေအိမ်ပြန်လာစဉ် ၁၇ လမ်းနှင့် ၁၈ လမ်းကြားရှိ အနော်ရထာ လမ်းပေါ်တွင် တရုတ်အမျိုးသမီးတစ်ဦးနှင့်တွေ့ဆုံခဲ့ရာ အဆိုပါ တရုတ်အမျိုးသမီးက ဈေးဝယ်ပြန်လာသူကို ဆေးမြစ်တွေ ဘယ်နားမှာ ဝယ်လို့ရနိုင်မလဲလို့ မေးခဲ့ကြောင်း၊ အလိမ်ခံရသူက တရုတ်အမျိုးသမီးကို သူမသိရှိကြောင်း ပြန်ပြောနေချိန်အနီးရှိ ဈေးဝယ်နေသော အခြား တရုတ်အမျိုးသမီးတစ်ယောက်က နေရာ သူ သိတယ်။ လိုက်ပို့ပေးမည်ဟုဆိုသဖြင့် အတူ ၂၁ လမ်းဘက်သွားခဲ့ကြကြောင်း တိုင်ချက်အရ သိရသည်။

ယင်းနောက် ၎င်းတို့သုံးဦးမှာ အနော်ရထာလမ်းရှိ ၂၁ လမ်းထိပ်သို့ရောက်ရှိချိန် ဆေးမြစ်ရောင်းသည့် မြန်မာပြည်ဖွား တရုတ်အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံပြီးနောက် ယင်းအမျိုးသမီးက ၎င်းတို့ကို မိသားစုတွင် အသက်အန္တရာယ် ရှိနေသောကြောင့် ယတြာချေရန် လိုအပ်ကြောင်း၊ နေအိမ်ရှိ ရွှေငွေနှင့် ဆန်လက်တစ်ဆုပ်စာ ပြန်ယူခိုင်းခဲ့သောကြောင့် အိမ်ပြန်၍ ဆန်လက်တစ်ဆုပ်နှင့် ရွှေ ၆၃ ကျပ်သား၊ အမေရိကန်ဒေါ်လာ တစ်ထောင်ကျော်နှင့် မြန်မာကျပ်ငွေ သုံးသိန်းတို့ကို ကြွပ်ကြွပ်အိတ်အဖြူရောင်ဖြင့် ထုပ်၍ယူဆောင်ကာ ချိန်းဆိုထားသည့် အနော်ရထာလမ်းနှင့် ရွှေတိဂုံလမ်းဘေးရှိ ဘဏ်အနီးတွင် အထက်ပါတရုတ်အမျိုးသမီးသုံးဦးနှင့် ပြန်လည်တွေ့ဆုံပြီးနောက် မြန်မာပြည်ဖွား တရုတ်အမျိုးသမီးတစ်ဦးက ၎င်းယူလာသည့် ကြွပ်ကြွပ်အိတ် အမည်းရောင်ထဲ အိမ်မှယူလာသော ရွှေနှင့်ငွေများပါသောအထုပ်ကို ထည့်ခိုင်း၍ ယင်းအထုပ်ကို သုံးရက်အကြာမှ ဖွင့်ကြည့်ရန်နှင့် နောက်လှည့်မကြည့်ဘဲ နေအိမ်ပြန်ခိုင်းခဲ့ကြောင်း၊ နေအိမ်သို့ရောက်ရှိချိန် မသင်္ကာသဖြင့် အိတ်ကိုဖွင့်ကြည့်ရာ ရေသန့်ဘူး နှစ်ဘူးနှင့် တစ်ရှူးထုပ်ကိုသာ တွေ့ရှိခဲ့သောကြောင့် မရိုးဖြောင့်သောနည်းဖြင့် ရွှေနှင့်ငွေများ လိမ်လည်ရယူသွားသူ အမည်မသိ အမျိုးသမီးသုံးဦးကို အမှုဖွင့်အရေးယူပေးရန် နိုဝင်ဘာလ ၁၀ ရက် နေ့က ပန်းဘဲတန်း မြို့မရဲစခန်းတွင် လာရောက်အမှုဖွင့် တိုင်ကြားထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S-03