News

POST TYPE

LOCAL

ဥက္ကံတွင် ငွေလိမ်တောင်းသည့် ရာအိမ်မှူးကို ဒေသခံ ၁၀၀ ခန့်က အမှုဖွင့်
30-Oct-2018

တိုက်ကြီး၊ အောက်တိုဘာ ၃၀

ဥက္ကံမြို့နယ် ရေသိုးရွာမှ ရာအိမ်မှူးတစ်ဦးသည် လယ်တစ်ဧကလျှင် ကျပ်ငါးသိန်း ထုတ်ချေးပေးမည်ဟုဆိုကာ တောင်သူတစ်ဦးလျှင် တစ်သောင်းကျပ် တောင်းခံခဲ့၍ ဒေသခံတောင်သူ ၁၀၀ ကျော်က ဥက္ကံမြို့နယ်ရဲစခန်းတွင် အမူဖွင့်တိုင်ကြားထားကြောင်း ဦးဆောင်တိုင်ကြားသူ ဒေါ်သိန်းကြူက ပြောကြားသည်။

“ကျွန်မတို့ တောင်သူတွေကို တစ်ဧက ငါးသိန်းချေးမယ်။ အကျိုးဆောင်ခအနေနဲ့ တောင်သူတစ်ဦးကို တစ်သောင်းတောင်းတယ်။ ပြီးတော့ ပုံစံ(၇) မိတ္တူ၊ အိမ်ထောင်စုဇယား မိတ္တူ၊ တောင်သူလိုင်စင်ဓာတ်ပုံ တောင်းတယ်။ သုံးလကြာလို့ သွားမေးတော့ မရေမရာ ပြောတယ်။ ခုက သည်းမခံနိုင်တော့လို့ အမှုဖွင့်တာ”ဟု ၎င်းကပြောဆိုသည်။

ငွေကြေးတောင်ခံသူသည် တဘူးရေသိုးကျေးရွာအုပ်စုမှ ရာအိမ်မှူး ဦးသန်းဌေးဆိုသူဖြစ်ကြောင်း၊ တောင်သူများထံမှ ငွေကြေးတောင်းခံနေသည့်အတွက် တိုက်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ငွေပြန်ပေးရန် ညွန်ကြားထားသော်လည်း လိုက်နာခြင်းမရှိကြောင်း တဘူးရေသိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းကပြောကြားသည်။

ဒေသခံတောင်သူများက အမှုဖွင့်ထားခြင်းနှင့်ပတ်သက်၍ ငွေကြေးကောက်ခံသူ ဦးသန်းဌေးကို ဆက်သွယ်မေးမြန်းခဲ့ရာ တောင်သူများ ငွေကြေး အခက်အခဲ ရှိနေသည့်အတွက် ကုမ္ပဏီတစ်ခုနှင့်ဆက်သွယ်ပေးရန် ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ငွေကြေးကောက်ခံသူ သုံးဦးဖြစ်ပြီး လတ်တလောတွင် ကုမ္ပဏီအမည်၊ ကောက်ခံသူအမည်တို့ကို မပြောနိုင်သေးကြောင်း ငွေကြေးကောက်ခံသူ ရာအိမ်မှူး ဦးသန်းဌေးက ပြောဆိုသည်။

လက်ရှိတွင် ဒေသခံတောင်သူ ဒေါ်သိန်းကြူ၏ တိုင်ကြားချက်အရ တဘူရေသိုးကျေးရွာအုပ်စု ရာအိမ်မှူး ဦးသန်းဌေးကို ဥက္ကံနယ်မြေရဲစခန်းက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀ ဖြင့် အမူဖွင့်ထားကြောင်း ယင်းရဲစခန်းမှ အမူစစ်အရာရှိ ဒုရဲအုပ် နေသူရိန်မင်းက ပြောကြားသည်။

R-19