News

POST TYPE

LOCAL

မူဆယ်တွင် တရားမဝင်ဖွင့်ထားသည့် ဆေးရုံမှ တရုတ်ဆရာဝန်အပါအဝင် ငါးဦးကို ဖမ်းဆီး
21-Oct-2018
မူဆယ်၊ အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် တရားမဝင်ဖွင့်လှစ်ထားသည့် တရုတ် - မြန်မာချစ်ကြည်ရေးဆေးရုံမှ တရုတ်နိုင်ငံသားဆရာဝန်အပါအဝင် ငါးဦးကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ ညနေက မူဆယ်မြို့မှ နမ့်ခမ်းသွား ပြည်ထောင်စုလမ်းဘေးတွင် ဖွင့်ထားသည့် တရုတ် - မြန်မာချစ်ကြည်ရေး ဆေးရုံကို တရားဝင်ခွင့်ပြုချက်နှင့် ဖွင့်လှစ်ထားခြင်း ဟုတ်မဟုတ်နှင့် တရုတ်နိုင်ငံသားဆေးကုသရေးအဖွဲ့မှာ တရားဝင်ခွင့်ပြုချက်နှင့် မြန်မာနိုင်ငံအတွင်း လာရောက်နေထိုင်ခြင်း ဟုတ်မဟုတ်ကို ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း မူဆယ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသူရိန်က ပြောကြားသည်။

မြို့နယ်စီမံခန့်ခွဲမှုကော်မတီက ဝင်ရောက်စစ်ဆေးစဉ် တရုတ်နိုင်ငံသားဆရာဝန်နှစ်ဦး၊ သူနာပြုအကူတစ်ဦး၊ စားဖိုဆောင်မှ တစ်ဦးနှင့် ဓာတ်ခွဲခန်းတာဝန်ခံအမျိုးသမီးတစ်ဦး စုစုပေါင်းတရုတ်နိုင်ငံသားငါးဦးမှာ တရားမဝင်နေထိုင်အလုပ်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် အမှုဖွင့်ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံသားငါးဦးကို ၂၀၁၅ ခုနှစ်၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေပုဒ်မ ၃၉/၅၈ အရ မူဆယ်မြို့မရဲစခန်းတွင် ပထမသတင်းပေးချက်အမှတ် ၅၇၄/၂၀၁၈ တွင် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-07