News

POST TYPE

LOCAL

ငွေလိမ်ပြီး ထွက်ပြေးလာသည့် တရုတ်နိုင်ငံသားကို မန္တလေးတွင်ဖမ်းမိ
20-Oct-2018
မန္တလေး၊ အောက်တိုဘာ ၂၀

တရုတ်နိုင်ငံတွင် ယွမ်သန်း ၂၀ လိမ်လည်မှုဖြင့် အလိုရှိကြောင်း ကြေညာထားခံရသည့် တရုတ်နိုင်ငံသားတစ်ဦးကို မန္တလေးမြို့တော် တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အောက်တိုဘလာ ၁၉ ရက်က ဖမ်းမိခဲ့ကြောင်း ယင်းလေဆိပ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယွမ်သန်း ၂၀ လိမ်လည်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသူ Mr.Wang Anqiao သည် မြန်မာမှတစ်ဆင့် ဘန်ကောက်သို့သွားရန် တံတားဦးလေဆိပ်သို့ အောက်တိုဘာလ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

“ပြည်ပထွက်ခွာဂိတ်မှာ စစ်နေရင်းနဲ့ အဲ့ဒီတရုတ်နိုင်ငံသားက Black List (အမည်ပျက်စာရင်း) မှာပါနေကိုတွေ့တာ။ အဲ့ဒါနဲ့ လေကြောင်းရဲတပ်ဖွဲ့နဲ့ လဝက,ကဖမ်းပြီး စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။ ခုတော့ တံတားဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ထိန်းသိမ်းထားပါတယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ တရုတ်နိုင်ငံသားကို တံတားဦးမြို့နယ်ရဲတပ်ဖွဲ့က မြို့နယ်တရားရုံးမှ ခရီးသွားရီမန်ချုပ်မိန့် တောင်းခံရာ အောက်တိုဘာ ၁၉ မှ ၂၆ ရက်အထိ ချုပ်ခွင့်ရထားကြောင်းလည်း ယင်းရဲစခန်းထံမှ သိရသည်။

Mr.Wang Anqiao သည် ပြစ်မှုကျူးလွန်ရာတွင် မြန်မာနိုင်ငံအတွင်း ကျူးလွန်ခြင်းမဟုတ်ဘဲ သူ၏ တရုတ်နိုင်ငံတွင် ကျူးလွန်ခဲ့ခြင်းဖြစ်သည့်အတွက် တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ဖြင့် ချိတ်ဆက်ကာ လွဲပြောင်းပေးအပ်ရမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

M-04