News

POST TYPE

LOCAL

မြိုင်ကြီးငူဆရာတော် ရုပ်ကလာပ်ကို ၄၅ ရက်ကြာ အပူဇော်ခံထားရှိမည်
17-Oct-2018
ဘားအံ၊ အောက်တိုဘာ ၁၆

ကရင်ပြည်နယ်၏ နာမည်ကျော်ဆရာတော်တစ်ပါးဖြစ်သော လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူအထူးဒေသရှိ မြိုင်ကြီးငူ ဆရာတော်၏ရုပ်ကလာပ်တော်ကို ၄၅ ရက်တာအပူဇော်ခံထားရှိမည်ဖြစ်ကြောင်း ယင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ယင်းကာလအတွင်း ဆရာတော်၏ ရုပ်ကလာပ်တော်ကို မြိုင်ကြီးငူအထူးဒေသ မြိုင်ကြီးငူ အောင်မင်္ဂလာ (၂) ထပ်ကျောင်းဆောင်ပေါ်ရှိ အအေးတိုက်စံကျောင်းမှန်ခေါင်း တွင်သွင်း၍ အပူဇော်ခံထားရှိမည်ဖြစ်ပြီး ယင်းကြားကာလတွင် တရားပွဲများကို ကျင်းပမည်ဖြစ်ကာ ဇွဲကပင်ဆရာတော်၊ သီတဂူဆရာတော်ကြီးတို့က လာရောက်တရားဟောကြားမည်ဖြစ်ကြောင်း ဈာပနပွဲဖြစ်မြောက်ရေး အစည်းအဝေးထံမှ သိရသည်။

ယင်းဆရာတော်၏ ဈာပနအခမ်းအနားကျင်းပရေးနှင့်ပတ်သက်၍ အောက်တိုဘာလ ၁၅ ရက်နေ့က မြိုင်ကြီးငူဒေသ ယင်းဆရာတော်၏ ကျောင်းတွင် ဆရာတော်ကြီး၏ တပည့်တိုက်အုပ်စာချဆရာတော် ဘဒ္ဒန္တဉာဏိက ဦးဆောင်ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးမှ အခမ်းအနားအသေးစိတ်ကို ဆွေးနွေးအတည်ပြုခဲ့ကာ ပြည်နယ်အစိုးရဘက်က ဝန်ကြီးချုပ်ကိုယ်စား မွန်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက တက်ရောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဆရာတော်ကြီး ဈာပနနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရက ကျပ်သိန်း ၃၀၀ လှူဒါန်းထားပါတယ်” ဟု မွန်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက ပြောကြားသည်။

မြိုင်ကြီးငူဆရာတော်သည် အောက်တိုဘာလ ၁၄ ရက်နေ့ ည ၉ နာရီခန့်က ထိုင်းနိုင်ငံ ဘန်ကောက်ရှိ Bumrungrad ဆေးရုံတွင် ပျံလွန်တော်မူခဲ့ပြီးကရင် ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသသို့ အောက်တိုဘာလ ၁၅ ရက်နေ့ညပိုင်းက ရုပ်ကလာပ်တော်ပြန်လည်ရောက်ရှိခဲ့သည်။

မြိုင်ကြီးငူဆရာတော် ဦးသုမနသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ နို့ထရွာဇာတိဖြစ်ပြီး စကောကရင်လူမျိုး ဖြစ်ကာပျံလွန်တော်မူချိန်တွင် သက်တော် ၇၁ နှစ် သိက္ခာတော် ၅၂ ဝါရှိပြီဖြစ်သည်။ ကရင်ပြည်နယ်အတွင်း၌ ၁၉၉၄ ဒီဇင်ဘာလနှင့် ၁၉၉၅ ခုနှစ်တို့တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ကို ခွဲထွက်ရာတွင် ဦးဆောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ကို ဦးဆောင်လမ်းညွှန်နိုင်သည့် ဩဇာရှိသော ဆရာတော်တစ်ပါးဖြစ်သည်။

R-17