News

POST TYPE

LOCAL

ဧရာဝတီတိုင်းအစိုးရဟောင်း ပေးရန်ကျန်သည့် ရန်ပုံငွေနှင့်ပတ်သက်၍ အောက်တိုဘာ ၁၉ နောက်ဆုံး အကြောင်းပြန်ရမည်
17-Oct-2018

ပုသိမ်၊ အောက်တိုဘာ ၁၆

ဧရာဝတီတိုင်းအစိုးရ အဖွဲ့ဟောင်းမှ လွှဲအပ်ရန်ကျန်ရှိနေသည့် ရန်ပုံငွေ ကျပ် ၅ ဒသမ ၂ ဘီလီယံကို ငွေသားသက်သက်ဖြင့်သာ လွှဲပြောင်းပေးရန်ကိစ္စနှင့် ပတ်သက်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့ နောက်ဆုံး အကြောင်းပြန်ရန် ယခင်အစိုးရဟောင်း တာဝန်ရှိသူများကို အကြောင်းကြားထားကြောင်း ဧရာဝတီတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ပြောကြားသည်။

“စာရင်းစစ်ရဲ့ စစ်ဆေးပေါ်ပေါက်ချက်အရ ကျပ် ၅ ဒသမ ၂ ဘီလီယံကိုပေးအပ်ဖို့ပါ၊ သတ်မှတ်ရက်အတွင်း အကြောင်းပြန်ခြင်းမရှိရင် ဥပဒေအရ ဆက်လက်ဆောင်ရွက်မယ်၊ ဒီငွေတွေက ထပ်ဆင့်ရတဲ့ ဘဏ်အတိုးနှုန်းတွေတော့ တွက်ချက်မှုမှာ မပါပါဘူး”ဟု ၎င်းက ပြောကြားသည်။

ဘဏ်လက်ကျန်ငွေ ၃ ဘီလီယံကျော်နှင့် လုပ်ငန်းရှင်များဖြင့် အကျိုးတူ ရင်းနှီးမြှုပ်နှံထားသည့် ၁ ဘီလီယံကျော်ကို ရက် ၃၀ အတွင်း အပြီးပေးသွင်းရမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် သုံးထားသည့် ကျန်ငွေများကို ရက်ပေါင်း ၆၀ အတွင်း ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ အစိုးရဟောင်းမှ ဝန်ကြီးချုပ်ဟောင်းနှင့် ဝန်ကြီးများ ဦးဆောင်ဖွဲ့စည်းထားသည့် ဧရာဝတီ ပညာ၊ ကျန်းမာဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းထံသို့ အကြောင်းကြားထားကြောင်း ယင်းတိုင်းအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြန်အပ်ရမည့်ငွေများအတွက် သတ်မှတ်ရက်ဖြစ်သည့် အောက်တိုဘာ ၁၉ ရက်နေ့တွင် အစိုးရအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်း၍ ပြန်လည်ပေးအပ်ရန် အသင့်ဆောင်ရွက်ထားရှိကြောင်း ဧရာဝတီပညာ၊ ကျန်းမာဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ၏ အတွင်းရေးမှူး ဦးကြည်အောင်က ပြောဆိုသည်။

ယင်းရန်ပုံငွေများကို ဩဂုတ်လ ၂ ရက်နေ့က ပြန်လည်ပေးအပ်ရန် အဆိုပါဖောင်ဒေးရှင်းက ဆိုထားခဲ့သော်လည်း လွှဲအပ်နိုင်ခဲ့ခြင်းမရှိပေ။

လွှဲပြောင်းပေးရမည့် ကျပ် ၅ ဒသမ ၂ ဘီလီယံမှ ၃ ဒသမ ၄၉ ဘီလီယံကို ဧရာဝတီဘဏ် (AYA)၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်(AGD)၊ ယူနိုက်တက် အမရဘဏ်(UAB))၊ A Bank တို့တွင် အပ်နှံထားပြီး ကျပ် ၁ ဒသမ ၂၇ ဘီလီယံကို လုပ်ငန်းရှင် ၈ ဦးဖြင့် အကျိုးတူ ရင်းနှီးမြှုပ်နှံထားကြောင်း၊ ဘဏ်တိုးနှင့် အကျိုးတူ လုပ်ငန်းများမှ တစ်နှစ်လျှင် ကျပ်သိန်း ၄၀၀ မှ ၅၀၀ ခန့်ရရှိကြောင်း ယင်းရန်ပုံငွေများအတွင်းမှ ပညာရေးအတွက် ကျပ်သိန်း ၅၀၀ ကျော်၊ ရေဘေး၊ လေဘေးနှင့် ကျန်းမာရေးတို့တွင် ကျပ်သိန်း ၅၀၀ ကျော် လှူဒါန်းထားပြီး ဧရာဝတီပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌဖြစ်သူ ယခင်တိုင်းအစိုးရအဖွဲ့ နယ်စပ်ရေးရာ ဝန်ကြီးဟောင်း ဦးမောင်မောင်ဝင်းက ၂၀၁၇ ခုနှစ် မေလ ၁၁ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။ 

R-12