News

POST TYPE

LOCAL

ပုသိမ်ရှိ သင်္ဘောဆိပ်များတွင် မှုခင်းလျော့ကျရေး အထူးစီမံချက်ဖြင့်ဆောင်ရွက်
16-Oct-2018
ပုသိမ်၊ အောက်တိုဘာ ၁၅ 

ဧရာဝတီတိုင်း ပုသိမ်မြို့ သင်္ဘောဆိပ်များတွင် ညအချိန်ဆိုက်ကပ်သည့် ရေယာဉ်များမှ ခရီးသည်များ၏ ပစ္စည်းများ ခိုးယူလုယက်ခံရမှုနှင့် ပြစ်မှုများ လျော့ကျစေရေးအတွက် အထူးစီမံချက်ဖြင့် အောက်တိုဘာလ ဒုတိယပတ်မှ စတင်၍ ညစဉ်ဆောင်ရွက်နေကြောင်း ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပုသိမ်ဆိပ်ကမ်းသို့ ညဉ့်နက်ပိုင်းတွင် ဆိုက်ကပ်သည့် ရေယာဉ်များမှ ခရီးသည်များ၏ ပစ္စည်းများခိုးယူခံရခြင်း၊ ရေယာဉ်ပေါ်တက်၍ ကားလက်မှတ် အတင်းအကျပ်ရောင်းချခြင်း၊ ပျံကျအလုပ်သမားများမှ ပစ္စည်းများ အတင်းအကျပ်သယ်ကာ သယ်ခအဆမတန်တောင်းခြင်း၊ ဆိုင်ကယ်အငှားမောင်းသူ ဟန်ဆောင်ကာ လုယက်ခြင်း၊ ခရီးသွားမိန်းမငယ်များကို ဖြားယောင်သွေးဆောင်ခြင်း စသည့် ဒုစရိုက်မှုများ ဖြစ်ပေါ်နေသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရေကြောင်းရဲတပ်ဖွဲ့စု (ပုသိမ်) ၏ ဒုတပ်ဖွဲ့စုမှူးဒုတိယရဲမှူး ခင်ဇော်ဝင်းက ပြောကြားသည်။

ပုသိမ်ဆိပ်ကမ်းသို့ ညအချိန်ဝင်ရောက် လာသည့် ရေယာဉ်များသည် ယခင်က ဆိပ်ခံတံတား ၉ ခုတွင် ဆိုက်ကပ်ခဲ့သော်လည်း ယခုစီမံချက်စတင်ချိန်မှစ၍ ခရီးသွားပြည်သူများ လုံခြုံရေးအတွက် မြေနုလမ်းဆိပ်ခံတံတားနှင့်  ဈေးချောင်းလမ်း ဆိပ်ခံတံတား ၂ ခုတွင်သာ ရေယာဉ်များဆိုက်ကပ်ရန်နှင့် ခရီးသည်များ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အားကို တိုးမြှင့်ကာဆောင်ရွက်မည်ဖြစ်ကြောင်း ရေကြောင်းရဲတပ်ဖွဲ့စု (ပုသိမ်) စခန်းရုံးထံမှ သိရသည်။

“သင်္ဘောတွေက ပုသိမ်ကို ည ၁၀ နာရီ နောက်ပိုင်းမှ ရောက်ကြတယ်၊ ရန်ကုန်သွားဖို့ ကားဂိတ်ကိုသွားရင် ဆိုင်ကယ် Taxi သမားတွေထဲမှာ လုယက်သူတွေ ရှိတယ်၊ ကားလက်မှတ်ရောင်းတဲ့သူကလည်း ခရီးသည်ကို လုကြဆွဲကြနဲ့ မိန်းကလေး ခရီးသည်အနား ခရီးသည်ဟန်ဆောင်ပြီး မသမာမှုလုပ်တဲ့သူတွေလည်းရှိတယ်၊ သူတို့တွေက လူဆိုးတွေဆိုတော့ ခုလိုရဲတပ်ဖွဲ့ရှိမှဖြစ်မှာ” ဟု ပုသိမ်ဆိပ်ကမ်း လက်ပွေ့ဈေးသည်တစ်ဦးက ပြောဆိုသည်။

ခရီးသည်များအနေနှင့် ရေယာဉ်များပေါ်တွင် အန္တရာယ်ဖြစ်ပေါ်လာပါက ရေယာဉ်မှ တာဝန်ရှိသူများမှ တစ်ဆင့်သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း၊ ရေကြောင်းရဲတပ်ဖွဲ့နှင့် ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီတို့ထံ အကူအညီတောင်းခံနိုင်ကြောင်း ရေကြောင်းရဲတပ်ဖွဲ့စု (ပုသိမ်) ထံမှ သိရသည်။

R-12