News

POST TYPE

LOCAL

ပုသိမ်တွင် မိုးကြိုးထိမှန်၍ ရှေးဟောင်းစေတီတော်တစ်ဆူ စိန်ဖူးတော်မြေခ
14-Oct-2018

ပုသိမ်၊ အောက်တိုဘာ ၁၃

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် အမှတ် ၃ ရပ်ကွက် တောရကျောင်းလမ်း သဒ္ဓမ္မသီတဂူ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ရှေးဟောင်းမြတ်ချမ်းသာစေတီတော်တစ်ဆူကို အောက်တိုဘာလ ၁၁ ရက်နေ့ ညနေပိုင်းက မိုးကြိုးထိမှန်ကာ စိန်ဖူးတော်မြေခခဲ့ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ထိုနေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာပြီး လျှပ်စီးလက် မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်ခဲ့ပြီးနောက် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ မြတ်ချမ်းသာစေတီတော်ကို မိုးကြိုးထိမှန်ခဲ့၍ ထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့မြေခခဲ့ကြောင်း ယင်းရပ်ကွက်အတွင်း နေထိုင်သူ ဦးစိုးပိုင်က ဆိုသည်။

“အလှူရှင်တွေ စုပေါင်းပြီး စေတီတော်ကို ပြန်ပြီးပြုပြင်လှူဒါန်းသွားမယ်လို့သိရတယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်းစေတီတော်၏ ဉာဏ်တော်သည် ပေ ၅၀ ရှိပြီး ပုသိမ်မြို့ သမိုင်းဝင် မင်းသမီးဖြစ်သည့် ဥမ္မာဒန္တီ မင်းသမီးတည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်းစေတီတော်တစ်ဆူဖြစ်ကြောင်း ရပ်ကွက်အတွင်းနေထိုင်သူ ရပ်မိရပ်ဖများက ဆိုသည်။

R-12