POST TYPE

LOCAL

နိုင်ဂျီးရီးယားမှ အသက် ၁၀၀ အရွယ် သေဒဏ်ကျ အကျဉ်းသားလွတ်မြောက်ရန် ကြိုးပမ်း
14-Oct-2018



အဘူဂျာ၊ အောက်တိုဘာ ၁၃

နိုင်ဂျီးရီးယားမှ အသက် ၁၀၀ ရှိနေသူ သေဒဏ်ကျ အကျဉ်းသား ဆယ်လက်စတင်းအက်ဘူနူချီသည် ၎င်းအားလွှတ်ပေးရန် လှုံ့ဆော်မှုများကြားမှပင် နိုင်ဂျီးရီးယား၏ အသက်အကြီးဆုံး အကျဉ်းသားအဖြစ် နာမည်ပြောင်ရသွားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဆယ်လက်စတင်းသည် လူသတ်မှုစီစဉ်မှုဖြင့် အပြစ်ရှိကြောင်းတွေ့ရှိရပြီးနောက် ထောင်ဒဏ်ကျခံနေရသည်မှာ ၁၈ နှစ် ရှိပြီဖြစ်သည်။

သေးသေးညှက်ညှက် ပိန်ပိန်ပါးပါး ခါးကိုင်းကိုင်း ဆယ်လက်စတင်းသည် နိုင်ဂျီးရီးယားအရှေ့တောင်ပိုင်း နူဂူမက် ဆီမမ် အကျဉ်းထောင်ထဲတွင် အေးဆေးငြိမ်သက်စွာ နေထိုင်လျက်ရှိသည်။

၎င်း၏သားဖြစ်သူ ပေါလ်အက် ဘူနူချီ ၄၁ နှစ်သည်လည်း အဆိုပါ လူသတ်မှုဖြင့် အတူတူ ထောင်ကျနေသည်ဟု သိရှိရသည်။

ဆယ်လက်စတင်းတို့ သားအဖသည် အင်မိုပြည်နယ် မြေအငြင်းပွားမှုတွင် လူတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ရန် လူငှား၍ စေခိုင်းခဲ့မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံရ ခြင်းဖြစ်သည်။ ၎င်းတို့ကို ၂၀၀၀ ပြည့်နှစ် ဇွန်လတွင် ဖမ်းဆီးခဲ့ပြီး ၂၀၁၄ တွင် တရားရုံးက သေဒဏ် စီရင်ချက်ချခဲ့သည်။

ပေါလ်က ၎င်း၏ဖခင်သည် စကားကို ကောင်းစွာ မပြောနိုင်တော့သည့်အပြင် ပတ်ဝန်းကျင်ကိုလည်း သိရှိမှတ်မိခြင်းမရှိတော့ဟု သတင်းထောက်များအား ပြောကြားသည်။

“တစ်ခါတလေ ထောင်ထဲက အကျဉ်းသားတွေကို ကြည့်ပြီးတော့ ဒီလူတွေ ဒီမှာဘာလုပ်နေကြတာလဲလို့ မေးတတ်တယ်”ဟု ပေါလ်ကပြောကြားသည်။

ဆယ်လက်စတင်းသည် ဆီးချိုရောဂါနှင့် အမြင်အာရုံ ချို့ယွင်းမှုများကိုလည်း ခံစားနေရသည်ဟု ပေါလ်က ဆိုသည်။ 

“မမှည့်သေးတဲ့ ငှက်ပျောသီးကိုပဲ ကျွေးရတာပေါ့။ ထောင်ဝန်ထမ်းတွေကလည်း ဆေးပေးပါတယ်”ဟုပေါလ်က ပြောကြားသည်။

နိုင်ဂျီးရီးယားအကျဉ်းဦးစီးဌာန နောက်ဆုံးရကိန်းဂဏန်းများအရ နိုင်ငံတစ်ဝန်းအကျဉ်းထောင်များတွင် သေဒဏ်ချမှတ်ခံရပြီး ကွပ်မျက်ခြင်းမခံရသေးသူ ၂၀၀၀ ကျော်ရှိသည်ဟု သိရှိရသည်။

၂၀၀၇ နှင့် ၂၀၁၇ အကြားတွင် ကွပ်မျက်မှု ၇ ခုသာရှိခဲ့ပြီး နောက်ဆုံး ကွပ်မျက်မှုမှာ ၂၀၁၆ ခုနှစ်က ဖြစ်သည်ဟု Amnesty International အစီရင်ခံစာတွင် ဖော်ပြထားသည်။

“အာဏာပိုင်တွေက ကွပ်မျက်မိန့်ကို လက်မှတ်မထိုးချင်ကြဘူး။ လွှတ်ပေးဖို့လည်း ဆန္ဒမရှိကြဘူး။ ဒီတော့ သေဒဏ်ကျ အကျဉ်းသားအရေအတွက် များနေတာပေါ့”ဟု ရှေ့နေမစ္စအိုကိုရွိုင်ဂီက ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အင်န်ဂျီအိုမှ ဖရန်ကလင် အီဇီယိုနာက “သေဒဏ်ကျတဲ့ သူဌေး တွေ့ဘူးသလား။ ရုံးမှာ ရှေ့နေငှားဖို့ တတ်နိုင်တဲ့သူ ဘယ်နှယောက်ရှိလို့လဲ။ ဒီလူရဲ့သားက မြို့ဝန်တို့၊ ဝန်ကြီးတို့သာဆိုရင် လွတ်သွားတာ ကြာလှပေါ့”ဟု ပြောကြားသည်။

အာဖရိကနိုင်ငံအများစုတွင် ဆင်းရဲနွမ်းပါးမှုက တရားစီရင်ရေးကဏ္ဍကို အနှောင့်အယှက် ပေးနေသည်ဟု ၎င်းက မှတ်ချက်ပေးသည်။

F-04