News

POST TYPE

LOCAL

ဧရာဝတီတိုင်းအစိုးရအဖွဲ့နှင့် လျှပ်စစ်ဌာန တာဝန်ရှိသူများကို အရေးယူပေးရန် တိုင်ကြား
12-Oct-2018
ဟင်္သာတ၊ အောက်တိုဘာ ၁၁

မီးလင်းရေးကော်မတီ၏ ငွေကြေးသုံးစွဲမှုနှင့်ပတ်သက်၍ ဧရာဝတီတိုင်း ဝန်ကြီးချုပ်၊ တိုင်းလျှပ်စစ်ဝန်ကြီးနှင့် လျှပ်စစ်ဌာနတာဝန်ရှိသူများ အပါအဝင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မီးလင်းရေးကော်မတီတို့ကို အရေးယူပေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ အောက်တိုဘာလ ၁၀ ရက်နေ့က တိုင်ကြားထားကြောင်း ဟင်္သာတမြို့နယ်၊ ယုံသလင်းကျေးရွာမှ တိုင်ကြားသူ ဦးမန်းကျော်အောင်ထွန်းက ပြောကြားသည်။

ဟင်္သာတမြို့နယ်၊ ယုံသလင်း ကျေးရွာအုပ်စု မီးလင်းရေးကော်မတီ၏လျှပ်စစ် မီးလင်းရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် သုံးစွဲခဲ့သည့် ငွေကျပ် သိန်းပေါင်းသုံးထောင်ကျော်ကို စာရင်းစစ်ပေးရန်သက်ဆိုင်ရာ အဆင့်ဆင့်ထံတိုင်ကြားခဲ့ရာ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဟင်္သာတခရိုင် စာရင်းစစ်အဖွဲ့ကစစ်ဆေးခဲ့ကြောင်း၊ အဆိုပါစစ်ဆေးချက်များကို ဝန်ကြီးချုပ်ထံ ပြန်လည်တင်ပြထားသည်ဟုသိရှိခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

သို့သော် အဆိုပါ ငွေစာရင်းစစ်ဆေးပေးရန် တင်ပြချက်ကို ဝန်ကြီးချုပ်ဟောင်း ဦးမန်းဂျော်နီက ဆောင်ရွက်ပေးခြင်းမရှိ ခဲ့သည့်အပြင် ယခုဝန်ကြီးချုပ် ဦးလှမိုးအောင်လက်ထက် ၂၀၁၈ ခုနှစ်၊ မေလ ၁၉ ရက်နေ့က လူကိုယ်တိုင်လည်းကောင်း၊ စာဖြင့်လည်းကောင်း ထပ်မံတင်ပြခဲ့ရာ ယနေ့ထက်တိုင် ဆောင်ရွက်ပေးခြင်းမရှိကြောင်း၊ ယင်းကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က ဝန်ကြီးချုပ် ဦးလှမိုးအောင်ထံ လူချင်းတွေ့၍ တိုင်စာထပ်မံပေးခဲ့ကြောင်း တိုင်ကြားရာတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ဦးမန်းအောင်မင်းက ရှင်းပြသည်။ 

ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ဧရာဝတီတိုင်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကို မေးမြန်းရာတွင် ဟင်္သာတမြို့နယ် ယုံသလင်းကျေးရွာ အုပ်စု မီးလင်းရေးကော်မတီစာရင်းရှင်းတမ်းအတွက် စာရင်းစစ်ချုပ်ကို စစ်ဆေးစေခဲ့ပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ကွင်းဆင်းရှင်းလင်းရန်ညွှန်ကြားထားပြီး လာမည့်အောက်တိုဘာလ ၁၅ ရက်နေ့တွင်ပြန်လည်တင်ပြရန်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင်လည်း ကွင်းဆင်း၍ ဒေသခံများ နားလည်သည်အထိ ရှင်းပြပေးရန် ညွှန်ကြားထားကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

R-13