News

POST TYPE

LOCAL

Eleven မီဒီယာကို တရားစွဲဆိုမှုအပေါ် သတင်းမီဒီယာကောင်စီ ကန့်ကွက်ကြောင်းကြေညာချက်ထုတ်
12-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁၁

Eleven Media Group မှ ဂျာနယ်အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနှင့် သတင်းထောက်ချုပ်အပါအဝင် မီဒီယာသမားများကို သတင်းမီဒီယာ ဥပဒေကို အသုံးမပြုဘဲ ပုဒ်မ ၅၀၅ (ခ) ဖြင့် တိုက်ရိုက်စွဲဆိုခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) က ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာလ ၁၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် တရားရုံးသို့ ရောက်ရှိနေပြီဖြစ်သောကိစ္စရပ်များကို ဝင်ရောက်ကိုင်တွယ်ဖြေရှင်းခွင့် မရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနှင့် ယင်းဖြစ်စဉ်အပေါ် ပြန်လည်သုံးသပ်သင့်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံသို့သာ တိုင်ကြားစေလိုကြောင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေနှင့်လည်း သတင်းမီဒီယာဥပဒေနှင့်အညီ နှစ်ဦးနှစ်ဖက် ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ပေးလိုကြောင်း ဖော်ပြထားသည်။

“သတင်းမီဒီယာကောင်စီဖွဲ့ထားတယ်ဆိုတာ အစိုးရနဲ့ သတင်းမီဒီယာတွေအကြားမှာ ထိန်းညှိဖို့ပြေလည်အောင် လုပ်ဖို့ ဖွဲ့ထားတာ သတင်းမီဒီယာကောင်စီကတစ်ဆင့် သွားသင့်ပါတယ်။ တရားစွဲလည်း မီဒီယာဥပဒေအရ တရားစွဲသင့်ပါတယ်။ မီဒီယာကောင်စီက ထုတ်ပြန်ချက်ကို ကြိုဆိုပါတယ်” ဟု အထက်မြန်မာနိုင်ငံရှေ့နေကွန်ရက်ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းထားသည့် သတင်းမီဒီယာ ဥပဒေပုဒ်မ ၄ (က)၊ (ခ)၊ (ဂ) ၌သတင်းမီဒီ ယာသမားများသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ လွတ်လပ်စွာ ဝေဖန်၊ ထောက်ပြ၊ အကြံပြု ရေးသားခွင့်ရှိကြောင်း၊ နိုင်ငံသားတိုင်း သိခွင့်ရှိသော သတင်းအချက်အလက်များနှင့် သဘောထားအမြင်များကို ကျင့်ဝတ်စည်းကမ်းနှင့်အညီ စုံစမ်း၊ ဖော်ထုတ်ရေးသားခွင့်နှင့် သတင်းထုတ်လွှင့်ခွင့်တို့ရှိကြောင်း၊ နိုင်ငံသားတစ်ဦး၏ အခွင့်အရေး ဆုံးရှုံးမှုဆိုင်ရာကိစ္စရပ်များကို ဖော်ထုတ်ရေးသားခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။

သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၁ အရ နစ်နာသော ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာသမားတစ်ဦးက ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့် ကျင့်ဝတ်သိက္ခာတစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း ယူဆလျှင် ရှေးဦးစွာကောင်စီသို့ တိုင်ကြားနိုင်သည်ဟု ပြဋ္ဌာန်းချက်ပါရှိကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် ယင်းဖြစ်စဉ်အား မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ ဦးစွာတိုင်ကြားရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းအတည်ပြုခဲ့သော သတင်းမီဒီယာဥပဒေ ပုဒ်မ ၁၂ အရ “ကောင်စီသည် စာနယ်ဇင်းသမားများနှင့်စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်သည်” ဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့် သတင်းသမားများအား သတင်းမီဒီယာဥပဒေနှင့်မဟုတ်ဘဲ အခြားသော ဥပဒေများဖြင့် တရားစွဲဆိုနေမှုများအပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အနေနှင့် Eleven Media Group မှ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနှင့် သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က တရားစွဲဆိုခဲ့မှုအပေါ် မြန်မာနိုင်ငံသတင်းမီဒီယာကောင် စီအနေနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်တွင် ပါရှိသည်။

“သတင်းမီဒီယာကောင်စီကို Eleven Media ကလည်း ကူညီဆောင်ရွက်ပေးဖို့ စာတင်ထားပါတယ်။ လက်ရှိ တရားစွဲဆိုထားတဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်ကို ဖိတ်ကြားပြီး ကျွန်တော်တို့ ဆွေးနွေးဖို့တော့ ရှိပါတယ်။ ကျွန်တော်တို့က မြန်နိုင်သမျှ မြန်အောင်တွေ့ပြီး ညှိနှိုင်းဖို့လုပ်သွားမယ်။ လာတာမလာတာကတော့ အာမမခံနိုင်ဘူးပေါ့” ဟု သတင်းမီဒီယာကောင်စီဝင် ဦးဇေယျာလှိုင်ကဆိုသည်။

Eleven Media Group မှ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံ အယ်ဒီတာကိုနရီမင်းနှင့် သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်းတို့အား အောက်တိုဘာလ ၈ ရက်ထုတ် Weekly Eleven ဂျာနယ် စာမျက်နှာ (၂၆) တွင် ဖော်ပြထားသော ဆောင်းပါးနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က အောက်တိုဘာ ၁၀ ရက်တွင် တာမွေမြို့နယ်တရားရုံးသို့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုတင်ပို့ခဲ့ပြီး ၎င်းတို့ သုံးဦးကို အောက်တိုဘာ ၁၀ ရက်နေ့က အင်းစိန်အကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်။

J-10