News

POST TYPE

LOCAL

စစ်တွေတွင် စရဖ တပ်ကြပ်တစ်ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူ ၈ ဦးထိရှိ
11-Oct-2018
စစ်တွေ၊ အောက်တိုဘာ ၁၀

ရခိုင်ပြည်နယ် စစ်တွေတွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) တပ်ကြပ်တစ်ဦး လုပ်ကြံခံရခြင်းနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူ ၈ ဦးထိရှိပြီဖြစ်ကြောင်း မြို့မရဲစခန်းထံမှ သိရသည်။

၎င်းအား လုပ်ကြံမှုနှင့် ပတ်သက်ကာ အောက်တိုဘာ ၉ ရက်နေ့ထိ ၆ ဦးဖမ်းဆီးထားပြီး ၇ ဦးမြောက်ကို အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်အချိန်တွင် မေယုထွန်း (ခ) ဇော်ဝင်း အသက် ၃၂ အား ဖမ်းဆီးလိုက်ကြောင်း စစ်တွေ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အေးကျော်က ဆိုသည်။

ရသေ့တောင်ဇာတိမေယုထွန်းကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် စစ်တွေမြို့နယ် တရားရုံး၌ အောက်တိုဘာ ၂၂ ရက်နေ့ထိ ချုပ်ရမန်ယူထားကြောင်း ၎င်းထံမှသိရသည်။

အလားတူ အောက်တိုဘာ ၁၀ ရက် နေ့ ညနေ ၅ နာရီခန့်က ရခိုင်လူငယ် ညီလာခံအဖွဲကမှ အသက် ၂၀ အရွယ် ခိုင်သော်ကို ပေါက်တောမြို့၌ ထပ်မံဖမ်းဆီးခဲ့သည်။

ထို့အပြင် တပ်ကြပ် လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး သဇင်ပန်းခိုင်ဂျာနယ်မှ သတင်းထောက်အောင်ချေ အပါအဝင် စစ်တွေဒေသခံ ၄ ဦးနှင့် ရန်ကုန်မြို့မှ ၂ ဦးတို့ကိုလည်း ပုဒ်မ ၃၀၂ ဖြင့် စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၁၂ ရက်နေ့ထိ ချုပ်ရမန်ယူထားကြောင်း ရဲအုပ်အေးကျော်ထံမှ သိရသည်။

လက်ရှိအချိန် ၎င်းတို့အား စစ်တွေ မြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မပြုသေးကြောင်း ရဲအုပ်ကဆိုသည်။

တပ်ကြပ်ဝင်းထိုက် (ခ) ဖိုးလုံးသည် စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းအချိန်၌ ဇနီးနှင့်အတူ စစ်တွေမြို့ ဈေးပွဲတော်တွင် လျှောက်လည်နေကြစဉ် ၎င်းအား ၉ မမ သေနတ်ကျည်ဆန်ဖြင့် ပစ်ခတ်လိုက်သဖြင့် ဦးခေါင်းနောက်စေ့ အပျော့ပိုင်းမှ ဝင်ရောက်ကာ ရှေ့ဘက် နှာခေါင်းအနီးဖောက်ထွက်သွားပြီး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။

R-22