News

POST TYPE

LOCAL

မိတ္ထီလာတွင် လျှပ်စစ်မီးလင်းရေးကိစ္စ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သော မြာကျေးရွာ မီးဖြတ်ခံရ
11-Oct-2018

မိတ္ထီလာ၊ အောက်တိုဘာ ၁၀

လျှပ်စစ်မီး ဆင့်ပွားသွယ်တန်းရေးကိစ္စနှင့်ပတ်သက်၍ ဒေသခံများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သော မိတ္ထီလာမြို့နယ် မြာကျေးရွာ လျှပ်စစ်မီး အဖြတ်ခံထားရကြောင်း မြာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမျိုးက ပြောကြားသည်။

“မီးဖြတ်လိုက်တာ ဆယ့်နှစ်ရက်ရှိနေပြီ။ မီးကြိုးသွယ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အဲဒီအချိန်ကတည်းက ဖြတ်လိုက်တာဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။ ကြိုး သွယ်တဲ့ကိစ္စ ရပ်ဆိုင်းထားပြီးတော့မှ မီးမရတာက သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်မရတာလား ဘယ်လိုအကြောင်းနဲ့ဆိုတာ ကျွန်တော်လည်း ပြောလို့မတတ်တော့ဘူး”ဟု ၎င်းကရှင်းပြသည်။

အဆိုပါကျေးရွာတွင် အိမ်ခြေ ၁၂၀၊ လူဦးရေ ၈၀၀ ကျော်ခန့်ရှိရာ လျှပ်စစ်မီး ပြတ်တောက်နေသောကြောင့် စိုက်ပျိုးသုံးစွဲရေးကိစ္စ၊ ကျောင်းသားကျောင်းသူများ စာကြည့်ရန် အခက်အခဲ ရှိနေသဖြင့် မီးပြန်ရလိုကြောင်း ဦးဝင်းမျိုးက ပြောဆိုသည်။

“တိုင်းအစိုးရအဖွဲ့ရဲ့လမ်းညွှန်မှုအတိုင်း လျှပ်စစ်ဥပဒေနဲ့ အရေးယူထား တာပါ။ တည်ဆောက်ဆဲ ဓာတ်အားလိုင်းတွေကို ဌာနကပဲ တာဝန်ယူရမယ်ဆိုတာ သတ်မှတ်ချက်ရှိပြီးသားပါ။ ဓာတ်အားလိုင်းတွေ ကြိုးပြတ်သွားရင်လည်း ဌာနကပဲပြင်ရပါတယ်။ ရွာအနေနဲ့က ရွာထဲက ၄၀၀ ဗို့အားလိုင်းနဲ့ ထရန်စဖော်မာကိုပဲ ပြင်ရပါတယ်။ မြို့နယ်၊ ခရိုင်အဆင့်တွေမှာ အကြိမ်ကြိမ် ရှင်းပြပြီးသားပါ။ ဒါမျိုးတွေဖြစ်ရင် ဒီလိုအကျိုးဆက်တွေ ဖြစ်လာမယ်ဆိုတာ”ဟု မိတ္ထီလာခရိုင် လျှပ်စစ်မန်နေဂျာ ဦးနေဦးက ပြောကြားသည်။

ကျေးရွာအနေနှင့် လျှပ်စစ်မီးပြန်လည်ရရှိလိုပါက သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် တိုင်းအစိုးရသို့တင်ပြရမည်ဖြစ်ပြီး တိုင်းအဆင့်မှ ခွင့်ပြုလျှင် ဓာတ်အားပြန်လည်ရရှိမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

မြာကျေးရွာသည် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျပ်သိန်း ၆၆၀ အကုန်ခံကာ မဟာဓာတ်အားလိုင်းမှ ရွာသို့ လျှပ်စစ်ကြိုးသွယ်တန်းခဲ့ရာ ရွာအဝင်လိုင်းမှ ရေဝေရွာသို့ ဆင့်ပွားသွယ်တန်းရေးလုပ်ငန်း စတင်ခဲ့သော စက်တင်ဘာ ၂၉ ရက်နေ့တွင် ဒေသခံများနှင့် ရဲတပ်ဖွဲ့တို့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ဒေသခံအမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျေးရွာသား ၁၀ ဦးသည် မိတ္ထီလာမြို့မ ရဲစခန်း၌ ပြစ်ဒဏ် ၁၀ နှစ်ထိ ကျခံရနိုင်ပြီး အာမခံပေးခွင့်၊ ကျေအေးခွင့်မရှိသော ပုဒ်မ ၃၃၃ အပါအဝင် ပုဒ်မ-၂၉၄/၅၀၆/ ၁၁၄ တို့ဖြင့် အမှုဖွင့်ခံထားရသည်။

R-01