News

POST TYPE

LOCAL

ရေမည်းညစ်ခြင်းကြောင့် ခုံးများ သေဆုံးဟု လူမှုကွန်ရက်တွင် ရေးသားသူ ဆက်သွယ်ရေး ပုဒ်မဖြင့် အမှုဖွင့်ခံရ
08-Oct-2018

စစ်တွေ၊ အောက်တိုဘာ ၇

ကျောက်ဖြူမြို့နယ် ကျားအိုချောင်း ကျေးရွာအနီးတွင် ရေမည်းညစ်ခြင်းကြောင့် ခုံးများသေဆုံးသည်ဟု လူမှုကွန်ရက်စာမျက်နှာပေါ်တင်သည့် အမ်းမြို့နယ် ပိုက်လိုင်းရေးရာ စောင့်ကြည့်လှုပ်ရှားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလွင်အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၈ (က) ဖြင့် အမှုဖွင့်ထားကြောင်း အမ်းမြို့မရဲစခန်းမှ သိရသည်။

ကိုမျိုးလွင် အမ်းဆိုသော အကောင့်တွင် စက်တင်ဘာလ ၂၂ ရက်နေ့က “မဒေး ကျွန်းတစ်ဝိုက်မှ စတင်ခဲ့သည့် ရေအမည်းရောင် ညစ်ညမ်းရေထုတွေက မူလရေအရည်အသွေးကို ကျဆင်းစေပါတယ်၊ ခုံးကောက်တဲ့ ရေလုပ်သားများ ကိုယ်အရေပြားအနာများ ဖြစ်စေတယ်” စသည်ဖြင့် ရေးသားဖော်ပြထားရာ ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ အမ်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ အောက်တိုဘာလ ၁ ရက်နေ့က အမှုဖွင့်ခဲ့ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်ထံမှ သိရသည်။

“စားတဲ့ ခုံးလည်း မဟုတ်ဘူး၊ သဲခုံးတွေပေါ့၊ တော်တော်သေးတဲ့ ခုံးတွေကို အနီးကပ်ရိုက်ဆွဲပြပြီးတော့ ချဲ့ပြတယ်။ အဲဒါကို Fb ပေါ်တင်တယ်။ လူထု အထိတ် တလန့်ဖြစ်တာပေါ့” ဟု ဦးကိုကိုမြတ်က ရှင်းပြသည်။

အမ်းမြို့မ ရဲစခန်းမှူးက အောက်တိုဘာလ ၆ ရက်နေ့က ယင်းသို့ အမှုဖွင့်ထားသည်ကို အကြောင်းကြားလာသော်လည်း မည်သည့်အတွက်ကြောင့် ဖွင့်ကြောင်းကို ပြောဆိုခြင်းမရှိသေးကြောင်း ဦးမျိုးလွင်က ဆိုသည်။

“ကျွန်တော် ခရီးလွန်နေတယ်။ ဒီလ ၁၀ ကျော်ရင် လာတွေ့ပါမယ်လို့တော့ ပြောလိုက်ပါတယ်။ ဘာကို အခြေခံပြီး တိုင်ချက်ဖွင့်လဲဆိုတော့ လူမှုကွန်ရက်မှာ တင်လို့ လို့ပဲ ပြောတယ်။ အကြောင်းအရာတော့ မပြောဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ ခုံးများ သေဆုံးကြောင်း လူမှုကွန်ရက်ပေါ်တက်လာပြီးနောက် သက်ဆိုင်ရာကလည်း မြေပြင်သို့ ကွင်းဆင်းကြည့်ရှုခဲ့ပြီးနောက် ယင်းသို့သေဆုံးရခြင်းမှာ မိုးရွာ၍ ရေချိုဝင်ရောက်မှုကြောင့်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

ကျောက်ဖြူမြို့တွင် သံဇစ်မြစ်ရေ ညစ်ညမ်းမှုဖြစ်ပေါ်ပြီးနောက် ရေနေသတ္တဝါများ သေဆုံးပြီး ရေလုပ်သား ၁၆၇ ဦး အရေပြားရောဂါဖြစ်ပေါ်နေကြောင်း စသည်တို့ကို စက်တင်ဘာလ ၁၇ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ထံ မြန်မာ - တရုတ်ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီက တင်ပြခဲ့သည်။

ထို့အပြင် ဦးမျိုးလွင်သည် အမ်းမြို့နယ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း လယ်ယာမြေ လျော်ကြေးပြဿနာနှင့် ပတ်သက်၍ တရုတ် CNPC ကုမ္ပဏီနှင့် MOGE ကို သင်္ချိုင်း ၄ ခုတွင် ကျိန်စာတိုက်မှုဖြင့်လည်း ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့်လည်း အမှုဖွင့်ခံထားရသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈ (က) အရ မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးဖြောင့်သောသဘောဖြင့် ဆက်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှင့်ခြင်း၊ ဖြန့်ချိခြင်း၊ ပေးဝေခြင်း (သို့မဟုတ်) ပါဝင်ဆောင်ရွက်ခြင်းပြုလျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

R-22