News

POST TYPE

LOCAL

ဗိုလ်ချုပ်ရုပ်ရှင်ကို လူမင်း ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးမည်
08-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၇

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးအတွက် ဇာတ်ညွှန်းနှင့် ဒါရိုက်တာအဖြစ် သရုပ်ဆောင်လူမင်းကို ပြောင်းလဲတာဝန်ပေးလိုက်ပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ အောက်တိုဘာလ ၇ ရက် မွန်းလွဲပိုင်းက ပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး ဆဋ္ဌမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

“သူက အချိန်တစ်လ ထပ်တိုးတောင်းတယ်။ ဒါပေမဲ့ တစ်လပေးခဲ့တာတွေက များနေပြီ။ လေးငါးကြိမ်မက တော့ဘူးလေ။ ဒါ့ကြောင့် ထပ်ပေးဖို့ကလည်း မဖြစ်တော့ဘူးလေ၊ ဒါ့ကြောင့် သူ ဒီအတွက် အချိန်မပေးနိုင်ပါဘူး။ 

ကိုးလ၊ ဆယ်လလောက်ကြာသွားတယ်။ ဆက်စောင့်လို့ကလည်း မဖြစ်တော့ဘူး။ သူတာဝန်ယူထားတဲ့ ဇာတ်ညွှန်းအပိုင်းကို ပြီးသလောက်လေးပြပါလို့ အစည်းအဝေးတွေမှာ ပြောပါတယ်။ ဒါပေမဲ့ သူမပြနိုင်ဘူး။ မပြနိုင်တော့ ဆက်စောင့်ရင်း စောင့်ရင်းနဲ့ပဲ ၂၀၁၈ ကုန် ၂၀၁၉ ထဲရောက်ပြီး လုပ်ငန်းမစနိုင်မှာလည်း စိုးရိမ်ပါတယ်။ မီဒီယာတွေကရော ပြည်သူတွေကရော တောင်းဆိုနေတော့ ကျွန်တော်တို့ လက်တွဲဖြုတ်လိုက်ရတာပါ” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္ထိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးအတွက် မူလက ဇာတ်ညွန်းနှင့် ဒါရိုက်တာအဖြစ် တွဲဖက်တာဝန်ယူထားသူ ဒါရိုက်တာမင်းထင်ကိုကိုကြီးကို လက်ရှိတာဝန်မှ ရပ်ဆိုင်း၍ သရုပ်ဆောင်လူမင်းကို ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားကို ခရီးသွားဟန်လွှဲတာဝန်ယူခဲ့ခြင်း မဟုတ်ဘဲ မူလလုပ်ကိုင်ခဲ့သော အသင်းအဖွဲ့ကို ဖြတ်ကာ ဝန်ထမ်းများပင် အလုပ်ဖြုတ်ခဲ့ရကြောင်း၊ ဗိုလ်ချုပ်ရုပ်ရှင် စတင်ရိုက်ကူးရန် ၂၀၁၂ ခုနှစ်ကဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလ၌ ဇာတ်ညွှန်းရေးသားရန် အဖွဲ့လိုက်ဖွဲ့ကာ ရေးသားခဲ့သော်လည်း တစ်နှစ်ခွဲခန့် အချိန်ကြာမြင့်ခဲ့ကြောင်း ဒါရိုက်တာမင်းထင်ကိုကိုကြီးက The Voice သတင်းစာသို့ ပြောကြားသည်။

“အရေးကြီးတာက ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်သွားဖို့ပဲ။ အဲဒါကြောင့် လုပ်မယ့်သူ မရှိတဲ့အချိန်မှာ ဒါကြီးဖြစ်အောင် လုပ်မယ်။ တာဝန်ခံပြီးတော့ လုပ်မယ်ဆိုပြီး ကျွန်တော် အလုပ်တွေအားလုံးကို ရပ်ခဲ့တယ်။ ဇာတ်ညွှန်းရေးဖို့ ၆ လ၊ ၇ လ လောက်တော့ ကြာလိမ့်မယ်။ ပြီးရင် ရိုက်ကြမယ်ပေါ့။ ၂ နှစ်အတွင်း အပြီးရိုက်ပါဘာညာဆိုတာ ဘယ်သူက ပေးထားတာမဟုတ်ဘူး။ ကျွန်တော် သတ်မှတ်ထားတာပါ။ တကယ့် ဇာတ်ညွှန်းရေးတဲ့ အချိန်ကျ ကျွန်တော်စိတ်တိုင်းကျတဲ့ ဇာတ်ညွှန်းတစ်ခုဖြစ်ဖို့ တော်တော်ခက်ခဲနေတယ်” ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်ရုပ်ရှင်ကို ကျပ်သိန်း တစ်သောင်းခွဲ အကုန်အကျခံရိုက်ကူးမည်ဖြစ်ပြီး လက်ရှိတွင် အလှူငွေ ကျပ်သိန်းတစ်သောင်းကျော်ရရှိထားပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိတွင် ဇာတ်ကားရိုက်ကူးရန် မူလရေးသားထားသည့် ဇာတ်ညွှန်းအကြမ်းသာပြီးစီးသေးသောကြောင့် ဇာတ်ညွှန်းပြီးမှသာ ရိုက်ကူးရေးလုပ်ငန်း စတင်နိုင်မည်ဖြစ်ကြောင်း သရုပ်ဆောင်လူမင်းက ပြောဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္ထိ ရုပ်ရှင်ဇာတ်ကား၌ ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်မည့် ဘောလုံးသမားဟောင်း ကျော်ကျော်မျိုးကိုလည်း လိုအပ်သည့် အင်္ဂလိပ်စာသင်တန်းနှင့် မြင်းစီးသင်တန်းပေးနေပြီး ၎င်းနှင့် မိသားစုနေထိုင်ရန် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံတွင် နေရာစီစဉ်ပေးထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။

J-17