News

POST TYPE

LOCAL

ကျပ်သန်း ၆၅၀၀ ကျော်ဖြင့် ဆောင်ရွက်မည့် မန္တလေး-မတ္တရာလမ်းပြုပြင်ရေးစီမံကိန်း လွှတ်တော်ပယ်ချ
05-Oct-2018


မန္တလေး၊ အောက်တိုဘာ ၄

မန္တလေးတိုင်းအစိုးရအဖွဲ့က ကျပ် ၆၅၉၁ သန်းဖြင့် မန္တလေး-မတ္တရာကား လမ်းပြုပြင်မည့် စီမံကိန်းသည် အသုံးစရိတ်များပြားနေသည်ဟုဆိုကာ အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပသည့် ၁၁ ကြိမ်မြောက် တိုင်းလွှတ်တော်အစည်းအဝေးတွင် ပယ်ချလိုက်သည်။

မန္တလေးတိုင်းအစိုးရအဖွဲ့ လမ်းဦးစီးဌာနက အကောင်အထည်ဖော်မည့် မန္တလေး-မတ္တရာကားလမ်း၊ ရွှေတချောင်း မြောင်းပေါင်ချဲ့ခြင်းလုပ်ငန်းအတွက် တစ်မိုင်လျှင် ၆၄၇ သန်းနှုန်းဖြင့် ၁၀ ဒသမ ၁၈ မိုင်အတွက် ကျပ် ၆၅၉၁ သန်းကို ဒေသန္တရစီမံကိန်းဥပဒေကြမ်း တင်သွင်းရာ၌ ထည့်သွင်းတောင်းခံခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကော်မတီအနေနဲ့က တောင်းခံထားတဲ့ဘတ်ဂျက်က များနေတယ်။ ပြန်စိစစ်ပြီးတော့ လုပ်ပေးစေချင်တယ်ပဲပြောတာပါ။ တင်ဒါခေါ်ထားတယ်ဆိုရင်လည်း ပယ်ဖျက်ပြီး အသစ်ပြန်ခေါ်၊ အကောင်းဆုံးနည်းပညာနဲ့ ကုန်ကျစရိတ် အသင့်အတင့်နဲ့လုပ်မယ့် ကုမ္ပဏီကိုပြန်ပေးပြီး လုပ်သင့်တယ်လို့ အကြံပြုထားတာပါ။ ခုလိုပယ်ဖျက်ဖို့ ဆွေးနွေးခဲ့တာတော့ မဟုတ်ဘူး”ဟု ဒေသန္တရစီမံကိန်း၊ အရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီအဖွဲ့ဝင် တောင်သာမြို့နယ်မှ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝိုင်းချစ်အောင်က ပြောကြားသည်။

အဆိုပါစီမံကိန်းကို ပယ်ချလိုက်သည့်အတွက် မန္တလေးတိုင်းအစိုးရက လျာထားသည့် စီမံကိန်းအသုံးစရိတ်များအနက်မှ ကျပ်သန်းခြောက်ထောင်ကျော် ပိုလျှံလာခဲ့ကြောင်း၊ ယင်းရန်ပုံငွေများကို ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ခွဲဝေအသုံးပြုရန် လွှတ်တော်က သဘောတူခဲ့သည်။  

M-04


  • VIA