News

POST TYPE

LOCAL

ပဲခူးတွင် နိုင်ငံခြားအရက်အခွန် ကျပ်နှစ်သိန်းတိုး
04-Oct-2018
တောင်ငူ၊ အောက်တိုဘာ ၃

ပဲခူးတိုင်းအတွင်းရှိ ယစ်မျိုးခွန် ဥပဒေသစ်ကို တိုင်းလွှတ်တော်က အောက်တိုဘာလ ၂ ရက်နေ့က အတည်ပြုလိုက်ပြီး နိုင်ငံခြားအရက် လက်လီရောင်းခွင့်အခွန် အခွန်ကျပ်နှစ်သိန်း တိုးမြှင့်ထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

အဆိုပါ နိုင်ငံခြားအရက်လက်လီ ရောင်းခွင့်အခွန်ကို ယခင်က ကျပ် ခြောက်သိန်းကောက်ခံနေရာမှ ယခုအခါ ကျပ်ရှစ်သိန်းသို့ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း ယင်းဥပဒေသစ်အရ သိရသည်။

အဆိုပါ ယစ်မျိုးခွန်ပြင်ဆင်သည့် ဥပဒေကြမ်းကို ပဲခူးတိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက ဇွန်လအတွင်းက လွှတ်တော်သို့ တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အားလုံးက ပြင်ဆင်ချက်မရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး ယစ်မျိုးခွန်ကောက် ခံမှုဥပဒေသစ်အရ ထုတ်လုပ်ခွင့်၊ လက်လီ၊ လက်ကားရောင်းချခွင့်သာမက နိုင်ငံခြားအရက်တင်သွင်းဖြန့်ဖြူးရောင်းချခွင့်အားလုံးကို မူလအခွန်အခထက် အနိမ့်ဆုံး ကျပ်တစ်သိန်းမှ ကျပ်သုံးဆယ့်ငါးသိန်းအထိ တိုးမြှင့်ထားပြီး ပြည်ပမှ ဘီယာတင်သွင်း ဖြန့်ဖြူးရောင်းချခွင့်ကို ယခင်က ကျပ် ၁၅ သိန်းမှ ကျပ်သိန်း ၅၀ သို့ တိုးမြှင့်ထားကြောင်း ယစ်မျိုးခွန် ဥပဒေသစ်အရ သိရသည်။

“နိုင်ငံခြားအရက်ကို ဈေးကြီးကြီးပေးသောက်တယ်ဆိုတာ ပြည်တွင်းကထုတ်တဲ့အရက်ရဲ့ လုံခြုံစိတ်ချရမှုကို သံသယရှိလို့ပါ။ နိုင်ငံခြားအရက်က ဈေးကြီးတယ်ဆိုပေမယ့် မူးတဲ့ပုံသဏ္ဌာန်နဲ့ အရသာကကွာတယ်။ နိုင်ငံခြားအရက်တောင် တွေ့ရာဆိုင်က ဝယ်သောက်လေ့မရှိပါဘူး” ဟု တောင်ငူဒေသခံ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။

R-15