News

POST TYPE

LOCAL

မန္တလေးကုန်စည်ဒိုင် ကျပ်သိန်းတစ်ထောင်ကျော်လိမ်လည်မှု ဖြေရှင်းရန် အချိန်တစ်လတိုးပေး
04-Oct-2018
မန္တလေး၊ အောက်တိုဘာ ၃

မန္တလေးကုန်စည်ဒိုင်တွင် ကျပ်သိန်း ၁၁၆၀ ကျော်လိမ်လည်ခဲ့မှုနှင့် ပတ်သက်၍ စိန်လမင်းပွဲရုံပိုင်ရှင် ဦးဆန်းထွန်းလွင်ကို ယခုလကုန်ဖြေရှင်းပေးရန် အချိန်တိုးပေးထားကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း - မန္တလေးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးချွန်က ပြောကြားသည်။

ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းသားဖြစ်သူ ဦးဆန်းထွန်းလွင်၏ ကိုယ်စားလှယ် ဦးချမ်းမြေ့သည် ကုန်သည် ၁၉ ဦး၏ ပဲဖိုးငွေများအား ပြန်လည်ပေးချေခြင်းမရှိဘဲ ဩဂုတ်လကုန်ပိုင်းက ထွက်ပြေးတိမ်းရှောင်သွားခြင်းကြောင့် လိမ်လည်သည့် ကိုယ်စားလှယ်ကို တာဝန်ခံထားရသော ဦးဆန်းထွန်းလွင် (စိန်လမင်းပွဲရုံ) က အသင်း၏ စည်းမျဉ်းအရ တာဝန်ယူဖြေရှင်းပေးရခြင်းဖြစ်သည်။ 

ယင်းကိစ္စကို စက်တင်ဘာလကုန်ပိုင်းတွင် ညှိနှိုင်းဖြေရှင်းပေးရန် ပထမအကြိမ် ရက်သတ်မှတ်ပေးခဲ့ပြီးနောက် ယခုအချိန်တစ်လ ထပ်တိုးပေးခဲ့ခြင်းဖြစ်ကြောင်း ဦးချွန်က ပြောဆိုသည်။ 

“ဖြေရှင်းပေးဖို့ တာဝန်ရှိတဲ့သူက အချိန်တိုးပေးဖို့တောင်းဆိုလာတဲ့အတွက် တစ်လနောက်ဆုတ်ပေးလိုက်တာပါ။ အပြီးပြတ်ညှိနှိုင်းပေးရမှာဆိုတော့ သူပေးနိုင်တဲ့နှုန်းနဲ့ တစ်ဖက်လက်ခံနိုင်တဲ့နှုန်းဖြစ်အောင် ဒီလထဲမှာ ညှိတာပေါ့” ဟု ၎င်းကရှင်းပြသည်။ 

ယခုကဲ့သို့ ငွေကြေးအရှုပ်အရှင်းဖြစ်ခဲ့သော ပဲအရောင်းအဝယ်ကိစ္စတွင် ကိုယ်စားလှယ်ဖြစ်သူဦးချမ်းမြေ့သည် စိန်လမင်းပွဲရုံ၏ တံဆိပ်တုံးကိုအသုံးပြု၍ ဝယ်ယူခဲ့ခြင်းမဟုတ်ဘဲ ၎င်း၏အကျိုး စီးပွားအတွက် ဝယ်ယူခဲ့ခြင်းသာ ဖြစ်ကြောင်း စိန်လမင်းပွဲရုံပိုင်ရှင် ဦးဆန်းထွန်းလွင်က ပြောကြားသည်။ 

“ဒီကိစ္စကိုအကောင်းဆုံးဖြေရှင်းပေးနိုင်ဖို့ အချိန်တစ်လ တိုးတောင်းထားတာပါ” ဟု ၎င်းက ပြောဆိုသည်။

အသင်းသားတစ်ဦးသည် အသင်းဝင်သက်တမ်း ၂ နှစ်ပြည့်ပါက ကိုယ်စားလှယ်နှစ်ဦးထားခွင့်ရှိရာ ခန့်အပ်ထားသော ကိုယ်စားလှယ်များ၏ ပြဿနာကို ဖြေရှင်းပေးခြင်းမရှိသောကြောင့် အသင်းမှ ထုတ်ပယ်ခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့ဖူးကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း - မန္တလေးကုန်စည်ဒိုင်ထံမှ သိရသည်။ 

အသင်းသား၏ကိုယ်စားလှယ်ဖြစ်သူ ဦးချမ်းမြေ့သည် မြေပဲဆန်အရောင်းအဝယ်ပြုလုပ်ရာမှ ယခုကဲ့သို့ ငွေကြေးလိမ်လည်မှုပြဿနာ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

M-08