News

POST TYPE

LOCAL

ကျွဲဆည်ကန်ကားကွင်းရှိဆိုင်များ တံခွန်တိုင်အဝိုင်းအနီး ရွှေ့မည့် အစီအစဉ်ရွှေ့ဆိုင်း
04-Oct-2018

မန္တလေး၊ အောက်တိုဘာ ၃

ချမ်းမြရွှေပြည်ယာဉ်ရပ်နားစခန်း (ကျွဲဆည်ကန်ကားကွင်း) ကို အဆင့်မြှင့်တင်ရန်ရှိသောကြောင့် အဆိုပါကားကွင်းရှိ ဆိုင်ခန်းများ တံခွန်တိုင်အဝိုင်းအနီးသို့ ရွှေ့ပြောင်းရမည့် အစီအစဉ်ရွှေ့ဆိုင်းလိုက်ကြောင်း ယာဉ်လိုင်းပိုင်ရှင်များက ပြောကြားသည်။

ဆိုင်ခန်းများကို ယခုနှစ်ကုန် နောက်ဆုံးထား ပြောင်းရွှေ့ပေးရန် မြို့တော်စည်ပင်နှင့် ညှိနှိုင်းထားသော်လည်း ယာယီကားကွင်း၏ ဒီဇိုင်းနှင့် အဆင်မပြေသောကြောင့် ပြောင်းရွှေ့ရမည့် အချိန်ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။

အဆင့်မြှင့်တင်မည့် ယာဉ်ရပ်နားစခန်းနှင့်ပတ်သက်၍ ယာဉ်လိုင်းလုပ်ငန်းရှင်များ၊ လုပ်ကိုင်ခွင့်ရထားသော M Development ကုမ္ပဏီနှင့် မန္တလေး မြို့တော်စည်ပင်တို့ အောက်တိုဘာလ ၃ ရက်နေ့ကတွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ ရွှေ့ဆိုင်းထားလိုက်ခြင်းဖြစ်သည်။

“ဒီဇင်ဘာမှာ အပြီးရွှေ့ရမယ်ဆိုတာကို ရုပ်သိမ်းသွားတယ်။ ဘယ်တော့လောက်ဆိုတာကိုတော့ မပြောသွားဘူး”ဟု မန္တလာမင်းယာဉ်လိုင်းဥက္ကဋ္ဌ ဒေါ်လဲ့လဲ့အေးက ပြောဆိုသည်။

ပြောင်းရွှေ့ရမည့် ယာယီကားကွင်းနှင့် အဆင့်မြှင့်တင်မည့်ကားကွင်း၏ဒီဇိုင်းပိုင်း အားနည်းခြင်း၊ ကားရပ်နားရန်နေရာ၊ ခရီးသည်များနှင့် ယာဉ်လိုင်းဝန်ထမ်းများအတွက် အဆင်မပြေနိုင်ခြင်းတို့ကြောင့် ဒီဇိုင်းပိုင်းနှင့်ပတ်သက်၍ ပြုပြင်ပေးရန် ယာဉ်လိုင်းလုပ်ငန်းရှင်များက ကုမ္ပဏီဘက်သို့ တောင်းဆိုထားသည်။

ယာယီကားကွင်းနှင့် အဆင့်မြှင့်တင်မည့် ကားကွင်းနှစ်ခုလုံးအတွက် ယာဉ်လိုင်းပိုင်ရှင်များ၏ တောင်းဆိုချက်ကို လိုက်လျောပေးမည်ဟု ကုမ္ပဏီဘက်မှ ပြောဆိုခဲ့ခြင်းမရှိသော်လည်း နိုဝင်ဘာလ ၅ ရက်နေ့တွင် ယခုကဲ့သို့ ထပ်မံညှိနှိုင်းရန်ရှိနေသည်။

အဆင့်မြှင့်တင်မည့် ကားကွင်းသည် ငါးထပ်အဆောက်အအုံဖြစ်ပြီး ခရီးသည်များ သက်သောင့်သက်သာဖြစ်စေရန်၊ လုံခြုံမှုရှိစေရန်နှင့် ယာဉ်လိုင်းပိုင်ရှင်များနှင့် ဂိတ်ပိုင်ရှင်များ အဆင်ပြေစေရန် ထည့်သွင်းတည်ဆောက်ရမည်ဖြစ်ကြောင်း၊ အဆင့်မြှင့်တင်မှုပြီးစီးပါက ယာဉ်လုပ်ငန်းရှင်များ အသုံးပြုနေသော နေရာ၏ ၆၀ ရာခိုင်နှုန်း ပြန်လည်ပေးအပ်ရမည်ဖြစ်ကာ ၄၀ ရာခိုင်နှုန်းကို အများသုံးနေရာများအတွက် အသုံးပြုရမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်ထံမှ သိရသည်။

ကျွဲဆည်ကန်ကားကွင်းတွင် လက်မှတ်အရောင်းဆိုင်ခန်း ၃၃၀ နှင့် ဈေးဆိုင်ခန်း ၁၀၀ အပြင် ပျံကျဈေးသည်များရှိနေကြောင်း ယင်းဌာနမှတ်တမ်းများအရ သိရသည်။ 
 
M-07