News

POST TYPE

LOCAL

အာရှငွေပေးချေမှုကွန်ရက်နှင့် MPU ယခုနှစ်အတွင်း ချိတ်ဆက်မည်
26-Jul-2016

ရန်ကုန်၊ ဇူလိုင် ၂၅

MPU ကတ်များကို ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံများတွင်လည်း သုံးစွဲနိုင်စေရန် အာရှငွေပေးချေမှုကွန်ရက် (Asian Payment Network) အတွင်းသို့ MPU (Myanmar Payment Union) အဖွဲ့က ယခုနှစ်အတွင်း ဝင်ရောက်မည် ဖြစ်ကြောင်း MPU ဥက္ကဋ္ဌ ဦးမြသန်းက ပြောကြားသည်။ 
“APN အဖွဲ့ထဲမှာ ဂျပန်နဲ့ ကိုရီးယား နိုင်ငံတွေလည်း ပါဝင်တယ်။ အဲဒီအဖွဲ့က နှစ်ကုန်ရင် အဖွဲ့ဝင်အသစ်တွေ ဖိတ်ခေါ်တယ်။ အခုမှ MPU က အဖွဲ့ထဲဝင်ဖို့ အဆင်သင့် ဖြစ်တဲ့အတွက် ဒီနှစ်ကုန်ပိုင်းမှာ ဝင်ဖြစ်နိုင်တယ်။ အဖွဲ့ဝင် ဖြစ်ပြီးလည်း APN အဖွဲ့က လာမယ့်နှစ်မှ လုပ်ငန်းစဖြစ်မှာပါ” ဟု ၎င်းက ရှင်းပြသည်။

ယင်းအဖွဲ့ဝင် ဖြစ်သွားပါက မြန်မာနိုင်ငံနှင့် အာရှနိုင်ငံများအကြားတွင် ငွေပေးချေမှု၊ ငွေလွှဲပြောင်းမှုနှင့် အွန်လိုင်းဈေးဝယ်မှု လုပ်ငန်းများမှာ ပိုမိုလျင်မြန်လာမည် ဖြစ်ကြောင်း၊ အဖွဲ့ဝင်လိုသည့် နိုင်ငံများမှာ National Payment Network ရှိရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ကတ်လုပ်ငန်းမှာ နောက်ကျသော်လည်း နိုင်ငံအဆင့် ငွေပေးချေမှုအဖွဲ့ကို သီးသန့်ထပ်ဖွဲ့ရန် မလိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

MPU က ယင်းကဲ့သို့ အာရှငွေပေးချေမှုကွန်ရက်နှင့် ချိတ်ဆက်မှုမှာ ကောင်းမွန်သော အလားအလာဖြစ်ပြီး ပြည်တွင်းရှိ ငွေပေးချေမှုများတွင် ကတ်သုံးစွဲမှုမှာ ပိုမိုတွင်ကျယ်လာနိုင်ကြောင်း၊ သုံးစွဲမှု များပြားလာသည်နှင့်အတူ သက်ဆိုင်ရာ ကတ်ထုတ်သည့် ဘဏ်များကလည်း ဝန်ဆောင်မှု ပိုကောင်းစေရန် ဆောင်ရွက်သင့်ပြီး အကြွေးဝယ်ကတ် သုံးစွဲမှု တွင်ကျယ်စေရန် ဆောင်ရွက်သင့်ကြောင်း ဘဏ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

MPU အနေနှင့် ပြည်တွင်း၌ ငွေပေးချေသည့်ကတ် (Debit Card) နှင့် အကြွေးဝယ်ကတ် (Credit Card) များ ထုတ်လုပ်ထားပြီး လက်ရှိအချိန်မှာမူ ငွေပေးချေသည့် ကတ်များသာ သုံးစွဲမှု များပြားနေကြောင်း၊ အကြွေးဝယ်ကတ်များမှာ ပြည်တွင်းဘဏ် လေးခုခန့်သာ ထုတ်ထားသောကြောင့် သုံးစွဲသူ နည်းပါးနေသေးကြောင်း ၎င်းက ပြောကြားသည်။

ပြည်တွင်းရှိ ဘဏ်ပေါင်း ၁၆ ဘဏ်မှာ MPU အဖွဲ့နှင့် ချိတ်ဆက်ကာ ATM စက်များ ဖွင့်ထားကြောင်း၊ MPU ကတ်သည် ၂၀၁၂ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး လက်ရှိအချိန်တွင် သုံးစွဲသူပေါင်း ၁ ဒသမ ၈ သန်းကျော် ရှိပြီဖြစ်ကြောင်း၊ နောက်ပိုင်းတွင် နိုင်ငံခြားကတ်ကုမ္ပဏီများ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာခြင်းကြောင့် ကတ်သုံးစွဲသူဦးရေ ပိုမိုများပြားလာနိုင်ကြောင်း MPU ထံမှ သိရသည်။