News

POST TYPE

LOCAL

အိမ်ကိုမီးရှို့ထွက်ပြေးသူ သေဆုံးလျက်ပြန်တွေ့
02-Oct-2018

မန္တလေး၊ အောက်တိုဘာ ၁

အမရပူရမြို့နယ် မြစ်ငယ်မြို့ ဓနုံးကျေးရွာတွင် စက်တင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီကျော်အချိန်က လင်မယားချင်း စကားများကာ အိမ်ကိုမီးရှို့ထွက်ပြေးသွားသူ အမျိုးသားကို သေဆုံးလျက်အနေအထားဖြင့် ပြန်လည်တွေ့ရှိခဲ့ကြောင်း မြစ်ငယ်နယ်မြေခံရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဓနုံးကျေးရွာမှ အသက် ၃၈ နှစ်အရွယ် ဦးရဲလင်းဦးသည် ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ကာ နေအိမ်ကို မီးရှို့ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ညကတည်းက လိုက်ရှာကြတာ၊ ဘယ်မှာမှမတွေ့ဘူး။ ဒီနေ့ (အောက်တိုဘာ ၁) မနက်မှ ရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ ရထားလမ်းပေါ် မှာ သေနေတာကိုတွေ့ရတယ်။ လတ်တလောမှာတော့ ရထားတိုက်လို့ သေတယ်လို့ ယူဆရမှာပါ”ဟု နယ်မြေခံ ရဲတပ်ဖွဲ့မှအရာရှိတစ်ဦးက ပြောကြားသည်။

ဦးရဲလင်းဦး၏ မီးရှို့မှုကြောင့် သွပ်မိုး၊ ထရံကာအိမ်ငါးလုံးနှင့် မီးဖိုဆောင်တစ်လုံး မီးလောင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၁,၆၂၄,၀၀၀ ကျပ်ရှိကြောင်း မန္တလေးခရိုင်မီးသတ်ဦးစီးဌာနက ခန့်မှန်းတွက်ချက်ထားသည်။

ဦးရဲလင်းဦးကို အခင်းဖြစ်ညက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်ခဲ့သော်လည်း လက်ရှိတွင် သေဆုံးသွားခဲ့ပြီဖြစ်သည့်အတွက် သေမှုသေခင်းဖြင့် ရေးဖွင့်ထားကြောင်း မြစ်ငယ် နယ်မြေခံရဲတပ်ဖွဲ့ထံမှ သိရသည်။  

M-04



  • VIA