POST TYPE
LOCAL
အရက်မူးနေသူက ဈေးသည်အမျိုးသားကို ဓားဖြင့် ဆင့်ထိုးသတ်
02-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်ရှိ ရခိုင်ရိုးကြီးကျေးရွာတွင် စက်တင်ဘာလ ၃၀ ရက် ည ၇ နာရီခွဲက အရက်သေစာ သောက်စားပြီး လမ်းပေါ်အော်ဟစ်ဆဲဆိုနေသည့် အမျိုးသားက ဈေးသည်အမျိုးသားတစ်ဦးကို ဓားဖြင့်ဆင့်ထိုးသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ရင်အုံ၊ ဂျိုင်းအောက်နှင့် ရင်ဘတ်တို့တွင် ထိုးသွင်းဒဏ်ရာ ငါးချက်ဖြင့် သေဆုံးခဲ့သူ အသက် ၂၅ နှစ် ကိုထက်ပိုင်မှာ အခင်းဖြစ်နေ့က ၎င်း၏ ညီဝမ်းကွဲနှင့်အတူ ရခိုင်ရိုးကြီးကျေးရွာအတွင်း ကွမ်းစားဆေးများ လိုက်လံရောင်းချပြီးနောက် လှိုင်သာယာ၊ ပင်လုံဈေးအနီးရှိ ၎င်းနေအိမ်သို့ မော်တော်ဆိုင်ကယ်ဖြင့် ပြန်လာစဉ် အနော်ရထာလမ်းအရောက် အရက်မူးပြီး အော်ဟစ်ဆဲဆိုနေသူ အမျိုးသားနှင့် တွေ့ဆုံခဲ့သည်။
“အရက်မူးနေသူက သေဆုံးသူကို လက်ညှိုးထိုးပြီး ဆဲဆိုနေတာကြောင့် သူတို့နှစ်ယောက် စကားများ ရန်ဖြစ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ထိုးကြိတ်နေချိန်မှာ အရက်မူးနေသူက သူ့မှာပါလာတဲ့ ဓားနဲ့သေဆုံးသူကိုဆင့်ထိုးပြီး ထွက်ပြေးသွားတယ်။ အခုချိန်ထိတော့ တရားခံကို မမိသေးဘူး။ စုံစမ်းနေတုန်း”ဟု ရဲအရာရှိကဆိုသည်။
ဓားဖြင့်ဆင့်ထိုးခံရသူ ကိုထက်ပိုင် မှာ ၎င်း၏ ညီဝမ်းကွဲဖြစ်သူနှင့်အတူ ရွှေလင်ဗန်းဘက်သို့ လမ်းဖြတ်ကူး ထွက်ပြေး ၍ ပတ်ဝန်းကျင်အား အော်ဟစ်အကူ အညီ တောင်းနေစဉ် ကိုထက်ပိုင်မှာ သေဆုံးခဲ့သော ကြောင့် လူသတ်မှု ကျူးလွန်ခဲ့သည့် အမည်မသိ အမျိုးသားကို ထန်းတပင် မြို့နယ်၊ တက်သစ်နယ်မြေ ရဲစခန်းက လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေး ယူပြီး ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
S-03
- VIA
- Voice Admin
- SOURCES
- The Voice
-
16-Dec-2019
-
16-Dec-2019
-
16-Dec-2019
-
16-Dec-2019
-
16-Dec-2019
-
16-Dec-2019
-
01-Dec-2019