News

POST TYPE

LOCAL

ကျောင်းကုန်းရှိ အမျိုးသမီးတစ်ဦး အိမ်ပေါ်တက်ဓားထောက်ခြိမ်းခြောက်ခံရ
01-Oct-2018

ပုသိမ်၊ စက်တင်ဘာ ၃၀

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ အမှတ် (၂) ရပ်ကွက်ရှိ စာရင်းစစ်ရုံးဝန်ထမ်း အိမ်ရာတွင် စက်တင်ဘာ ၂၈ ရက် ည ၇ နာရီ ခွဲခန့်က အမျိုးသမီးတစ်ဦး ဓားထောက် ခြိမ်းခြောက်ခံခဲ့ရကြောင်း ကျောင်းကုန်းမြို့မ ရဲစခန်းထံမှ သိရသည်။

မြို့နယ်စာရင်းစစ်ရုံးမှ စာရေးအဆင့် ၃ မခိုင်ဇာခြည်အေး (၂၅ နှစ်) သည် ယင်းအိမ်ရာရှိ ၎င်း၏ နေအိမ်လိုင်းခန်းအတွင်း မီးပူတိုက်နေစဉ် အိမ်နောက်ဖေးပေါက်မှ မျက်နှာကို ပဝါအနီကွက်စည်းထားသည့် အမည်မသိအမျိုးသားတစ်ဦး ရောက်လာပြီး နောက်မှ ဓားဖြင့်ခါးကိုထောက်၍ ချုပ်နှောင်ခေါ်ဆောင်ရန် ကြိုးစားခဲ့၍ ရုန်းထွက်ကာ အခန်းနီးချင်းများကို အော်ဟစ် အကူအညီတောင်းစဉ် ထွက်ပြေးသွားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

ထို့ကြောင့် ယင်းအမည်မသိ အမျိုးသားကို ကျောင်းကုန်းမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၄၅၂/၃၂၄ တို့ဖြင့် အမှုဖွင့်ထားပြီး ရှာဖွေနေဆဲဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

R-12